Android ရဲ့ ဖခင်ကြီးလို့လူသိများတဲ့ Andy Rubin ရဲ့ Essential စမတ်ဖုန်းကုမ္ပဏီကို မှတ်မိကြမှာပါ။ Essential ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ Notch ပါဝင်တဲ့ ပထမဆုံးစမတ်ဖုန်းတွေထဲက တစ်လုံးလို့ ပြောနိုင်တဲ့ Essential PH-1 စမတ်ဖုန်းကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

Essential အနေနဲ့ အဆိုပါ Essential PH-1 ဖုန်းကို တခြား စမတ်ဖုန်းတွေနဲ့ ယှဥ်ပြိုင်ရောင်းချနိုင်ခြင်းမရှိတဲ့အပြင် တဖြည်းဖြည်းစျေးနှုန်းကိုပါ လျော့ပြီး ရောင်းခဲ့ရပါတယ်။ နောက်ပိုင်းမှာလည်း Essential အနေနဲ့ စမတ်ဖုန်းအသစ်ကို ထပ်ပြီး ထုတ်လုပ်နိုင်ခြင်းမရှိခဲ့တာ ယနေ့အချိန်အထိပဲဖြစ်ပါတယ်။

Essential PH-1 စမတ်ဖုန်းဟာ Pure Android OS ကို အသုံးပြုထားတဲ့အပြင် ယနေ့အချိန်အထိကို Android 10 OS Update အပါအဝင် Software Update တွေကို ဆက်တိုက်ထောက်ပံ့ပေးနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ Essential PH-1 ဖုန်းက Software Update ရရှိနိုင်ဖွယ်မရှိတော့ပါဘူး။

ဘာကြောင့်လည်းဆိုရင် Essential ကုမ္ပဏီဟာ ရောင်းအားမကောင်းတဲ့အပြင် မိတ်ဆက်သွားမယ်ဆိုပြီး စီစဥ်ထားခဲ့တဲ့ Project GEM စမတ်ဖုန်းအသစ်ကိုလည်း လက်ရှိအချိန်မှာ စျေးကွက်ထဲကို ရောင်းချနိုင်ဖို့အခွင့်အလမ်းမရှိတော့တဲ့အတွက် အဆိုပါ Project GEM စမတ်ဖုန်းအပြင် ကုမ္ပဏီကိုပါ ပိတ်သိမ်းတော့မယ်လို့ ကြေညာလိုက်တာကြောင့်ဖြစ်ပါတယ်။ Essential ကုမ္ပဏီအပြင် တွဲဖက်လုပ်ငန်းတစ်ခုဖြစ်တဲ့ Newton Mail ကိုပါ ပိတ်သိမ်းမှာဖြစ်ပြီး အဆိုပါ Newton Mail ကိုလာမယ့် ဧပြီလ ၃၀ ရက်နေ့အထိပဲ ဆက်လက်သုံးစွဲနိုင်မှာဖြစ်ပါတယ်။

Essential ရဲ့ Project GEM စမတ်ဖုန်းဟာ TV Remote နဲ့ ပုံစံတူညီပြီတော့ Punch-hole Dispaly အပြင် 20mm Ultrawide ၊ 28mm Wide နဲ့ 50mm Tele Focal Length ၃ မျိုးရိုက်ကူးနိုင်စေမယ့် 48MP Single Camera ကို ထည့်သွင်းဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကြည့်ရတာ Design ပိုင်းအရရော၊ လက်တွေ့အသုံးပြုမှုပိုင်းတွေမှာပါ စျေးကွက်ထဲမှာ ရောင်းချဖို့မဖြစ်နိုင်တဲ့ပုံစံပါပဲ။

Ref – 9to5Google