Mercedes က ဂျာမနီ နိုင်ငံ စတုဂတ်မှာ ထူးခြားဆန်းသစ်တဲ့ ကားသုတ်ဆေးကို ပြသလိုက်ပါတယ်။ Solar ကားသုတ်ဆေးလို့ ပြောနိုင်ပြီး နေရောင်ခြည်စွမ်းအင် ကနေ လျှပ်စစ်ကားကို အားသွင်းပေးနိုင်ပါတယ်။ နေသာတဲ့ ရာသီဥတုမှာ နေ့စဉ် ကားသုံးဖို့အတွက် လုံလောက်တဲ့ လျှပ်စစ် စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်ပါတယ်။
Mercedes က Solar ကားသုတ်ဆေးကို ကားအမျိုးအစား အားလုံးရဲ့ အပြင်ဘက် မျက်နှာပြင်မှာ အသုံးပြုနိုင်တယ်လို့ ပြောပါတယ်။ Solar Modules တွေ ထုတ်လုပ်ရတာ အလွန် ဈေးသက်သာပြီး ကမ္ဘာကြီးရဲ့ မြေရှား သတ္တုနဲ့ ဆီလီကွန် မပါတဲ့အတွက် လွယ်ကူစွာ Recycle လုပ်နိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။
ကားသုတ်ဆေးမှာ ပါတဲ့ Solar Modules ဟာ အထူ ၅ မိုက်ခရိုမီတာပဲ ရှိပြီး လူ့ ဆံပင် တစ်မျှင်ထက်တောင် ပါးလွှာပါတယ်။ ၁ စတုရန်းမီတာမှာ အလေးချိန်က ၅၀ ဂရမ်ပဲ ရှိပါတယ်။ အဲဒီအတွက် တခြား နေရောင်ခြည် စွမ်းအင်သုံးကားတွေမှာလို ကြီးမားတဲ့ Solar Panel တွေ တပ်ဆင်ထားဖို့ မလိုပါဘူး။ Solar ကားသုတ်ဆေးက ကားမှာ Solar Panel တွေ ထည့်ထားတာကိုတောင် မသိသာစေပါဘူး။
စတုဂတ်မှာ Solar ကားသုတ်ဆေး ပါတဲ့ ကားကို စမ်းသပ်မောင်းနှင်ကြည့်တဲ့အခါ တစ်ရက်ကို ၅၂ ကီလိုမီတာ (၃၂ မိုင်) မောင်းနှင်နိုင်တာကို တွေ့ရပါတယ်။
ဒီနည်းပညာပါတဲ့ ကားကို Mercedes က ထုတ်လုပ်ရောင်းချဖို့ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Mercedes ဟာ ရေရှည်တည်တန့်တဲ့ နေရောင်ခြည် စွမ်းအင်ကို အနာဂတ် ကားတွေမှာ ထည့်သွင်းအသုံးပြုတော့မှာ ဖြစ်ပါတယ်။
Ref : techradar