Facebook က ၂၀၂၁ ခုနှစ် ဇူလိုင်လအထိ ဝန်ထမ်းတွေ အိမ်ကနေ အလုပ်လုပ်ခွင့်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။ Google ကလည်း ကိုဗစ်-၁၉ ကြောင့် ဒီနှစ်ကုန်အထိ အိမ်ကနေ အလုပ်လုပ်ဖို့ မကြာခင်ကပဲ ခွင့်ပြုခဲ့ပါတယ်။

Facebook ဝန်ထမ်း ၄၈,၀၀၀ လောက်ဟာ မတ်လကတည်းက အိမ်ကနေ အလုပ်လုပ်ခဲ့ကြတာ ဖြစ်ပြီး အရင်ကလည်း ဒီနှစ်ကုန်အထိ အိမ်ကနေ အလုပ်လုပ်ခွင့်ပေးမယ်လို့ Facebook က ကြေညာခဲ့ပါသေးတယ်။ Facebook ပြောရေးဆိုခွင့်ရှိသူ Nneka Norville က “ ကျန်းမာရေး အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်တွေ၊ ကုမ္ပဏီရဲ့ ဆွေးနွေးဆုံးဖြတ်ချက်တွေအရ ၂၀၂၁ ခုနှစ် ဇူလိုင်လ မတိုင်ခင်အထိ အိမ်ကနေ အလုပ်လုပ်ခွင့်ပေးမှာပါ။ ဒါ့အပြင် ကုမ္ပဏီက ရုံးသုံး ပစ္စည်းတွေ ဝယ်ဖို့အတွက် ဝန်ထမ်းတွေကို ဒေါ်လာ ၁,၀၀၀ စီပေးမှာပါ။ “ လို့ ပြောပါတယ်။

Facebook ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကို လျှင်လျှင်မြန်မြန် တုန့်ပြန်ဆောင်ရွက်ခဲ့တဲ့ ကုမ္ပဏီတွေထဲက ၁ ခု ဖြစ်ပြီး ဝန်ထမ်း ထောင်ဂဏန်းလောက်ကို နေအိမ်ကနေ အလုပ်လုပ်ခွင့်ပေးမယ်လို့ မတ်လက ကြေညာခဲ့ပါတယ်။ စီအီးအို Mark Zuckerberg က နောက် ၅ နှစ်၊ ၁၀ နှစ်အတွင်းမှာ ဝန်ထမ်း ထက်ဝက်လောက်ကို နေအိမ်ကနေ အလုပ်လုပ်ဖို့ စီစဉ်သွားမယ်လို့ မကြာခင်က The Verge နဲ့ အင်တာဗျူး ၁ ခုမှာ ပြောခဲ့ပါတယ်။

Ref : theverge