Facebook ဟာ iOS နဲ့ Android တွေပေါ်က သူ့ရဲ့ Streaming app ကို အောက်တိုဘာလ ၂၈ ရက်နေ့ကနေစပြီး ပိတ်လိုက်တော့မှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ ဒါဟာ Facebook ရဲ့ နယ်ပယ်သစ် ချဲ့ထွင်မှုတွေထဲက နောက်ထပ်ရှုံးနိမ့်မှုတစ်ခုအဖြစ် မှတ်တမ်းဝင်သွားပြန်ပြီ ဖြစ်ပါတယ်။

Twitch ဟာ Ninja တို့လိုမျိုး Streamers တွေနဲ့ပူးပေါင်းပြီး ကြီးမားတဲ့အောင်မြင်မှုတွေရခဲ့တဲ့နောက် Google နဲ့ Facebook တို့ကလည်း အလားတူပုံစံမျိုးနဲ့ ဈေးကွက်ဝေစုကို ခွဲယူချင်လာကြပါတယ်။ ဒါကြောင့် သူတို့ဟာ Streamer ကြီးတွေကို ဦးစားပေးစာချုပ်တွေ ကမ်းလှမ်းခဲ့ကြပါတယ်။

အဲဒီနောက်တော့ Game streaming industry က နာမည်ကြီးအချို့လည်း Twitch ကနေ Facebook နဲ့ YouTube ကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ စာချုပ်သက်တမ်းကုန်ဆုံးတာနဲ့ Twitch ကိုပဲ ပြန်လာကြတာ ဖြစ်ပါတယ်။ Streamer တွေပြောင်းတဲ့အခါ Follower တွေလည်း လိုက်ပြောင်းကြတာ သဘာဝပါပဲ။ ဒါကြောင့် သူတို့ကို နောက်ထပ်နှစ်အနည်းငယ်ကြာအောင် စာချုပ်နဲ့ချုပ်နှောင်ထားမယ်ဆိုတာကလည်း အကြံကောင်းတစ်ခုတော့ မဟုတ်ပါဘူး။

နောက်ဆုံးမှာတော့ Facebook ဟာ သူတို့ရဲ့ Game App ကိုပဲ ပိတ်ပစ်လိုက်ဖို့ ဆုံးဖြတ်လိုက်ဟန် တူပါတယ်။ ကိုယ်ကြိုက်တဲ့ Facebook Gaming streamer တွေကို ဆက်ပြီးအားပေးနေဖို့အတွက်တော့ Facebook က Streaming ဝန်ဆောင်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပေမဲ့ Mobile App ကိုတော့ အောက်တိုဘာလ ၂၈ ရက်နေ့ကစပြီး ရရှိတော့မှာမဟုတ်ပါဘူး။

Ref: PhoneArena