Facebook က COVID-19 (ကိုရိုနာဗိုင်းရက်စ်)ကြောင့် နှစ်စဉ်ကျင်းပနေတဲ့ F8 Developer Conference ကို ဒီနှစ်မှာ မကျင်းပတော့ဘူးလို့ ကြေညာလိုက်ပါတယ်။ မေလ ၅ ရက်နဲ့ ၆ ရက်နေ့မှာ အဲဒီ ပွဲကို ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဂျို့စ်မှာ ကျင်းပဖို့ စီစဉ်ထားခဲ့တာဖြစ်ပြီး အခုတော့ Facebook က ပွဲဖျက်သိမ်းတာကို Blog မှာ အသိပေးခဲ့တာပါ။

၂၀၁၉ ခုနှစ် F8 ပွဲမှာ လူပေါင်း ၅ ထောင်လောက် တက်ရောက်ခဲ့ကြပြီး ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်ကထက်  လူ ၁ ထောင်လောက်ပိုများခဲ့ပါတယ်။ ဒီနှစ်ပွဲမှာ နိုင်ငံအသီးသီးက Developer တွေ၊ ကျောင်းသားတွေ ပါဝင်ဖို့ စီစဉ်ထားခဲ့တာပါ။ Facebook က မတ်လမှာ ကျင်းပမယ့် ဆီလီကွန်တောင်ကြားက Marketing Summit ၊ Global Developers Conference နဲ့ PAX East တို့ကို ကိုရိုနာဗိုင်းရက်စ်ကြောင့် ဖျက်သိမ်းထားပြီးပါပြီ။

Facebook အပြင် တခြား နည်းပညာ ကုမ္ပဏီများစွာဟာလည်း ပွဲအခမ်းအနားတွေကို ဖျက်သိမ်းခဲ့ကြပါတယ်။ Microsoft နဲ့ Apple တို့လို ဆီလီကွန်တောင်ကြားက အထင်ကရ ကုမ္ပဏီတွေဟာ ဗိုင်းရက်စ်ကြောင့် ကုန်ထုတ်လုပ်မှုတွေ နှောင့်နှေးနေကြပါတယ်။

ပညာရှင်တွေက ဗိုင်းရက်စ် ကာကွယ်ဆေးကို အောင်မြင်စွာ ထုတ်လုပ်နိုင်ဖို့ အချိန် ၁၂ လကနေ  ၁၈ လအထိ ကြာနိုင်တယ်လို့ ယုံကြည်ထားတဲ့အတွက် နောက်နှစ်အထိတောင် နည်းပညာ ပြပွဲတွေ၊ အစည်းအဝေးပွဲတွေကို ရပ်နားထားရနိုင်ပါတယ်။ လက်ရှိအချိန်အထိ ဗိုင်းရက်စ်ကို နိုင်ငံပေါင်း ၄၀ ကျော်မှာ တွေ့နေရပြီး လူပေါင်း ၈ သောင်းကျော် ကူးစက်ခံထားရပါတယ်။

Ref : tnw