Yahoo Finance က နှစ်စဉ်နှစ်တိုင်း ကမ္ဘာအဝန်းက အကောင်းဆုံးနဲ့ အညံ့ဆုံး ကုမ္ပဏီတွေကို လူထု စစ်တမ်း ကောက်ယူလေ့ရှိပါတယ်။ ၂၀၂၁ ခုနှစ်ရဲ့ လူထု စစ်တမ်းကို မကြာခင်က ကောက်ယူခဲ့ပြီး Facebook / Meta ဟာ အညံ့ဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။

လူထု စစ်တမ်းက အညံ့ဆုံး ကုမ္ပဏီအဖြစ် Facebook/ Meta ကို ၅၀ ရာခိုင်နှုန်းကျော် မဲပေးခဲ့ကြတာ ဖြစ်ပြီး Microsoft ကတော့ ဒီနှစ်အတွက် အကောင်းဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။ Yahoo Finance က ဒီဇင်ဘာလ ၄ ရက်ကနေ ၅ ရက်အတွင်း Survey Monkey ကနေ လူထု စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပြီး ဖြေဆိုသူ ၁,၅၄၁ ယောက် ပါဝင်ခဲ့ပါတယ်။

Facebook / Meta ကို အညံ့ဆုံး ကုမ္ပဏီ အဖြစ် ရွေးချယ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ အကြမ်းဖက် ဝါဒတွေကို လက်ခံလို့ဆိုတာ ပါပါတယ်။ တချို့ကလည်း လွတ်လပ်စွာ ပြောဆိုရေးသားတာတွေကို ဆန်ဆာ ဖြတ်တောက်တယ်လို့ ပြောကြပါတယ်။ စစ်တမ်း ဖြေဆိုသူ ၁ ယောက်က ကမ္ဘာအဝန်း ဒီမိုကရေစီ ထွန်းကားမှုကို အနှောင့်အယှက်ပေးတယ်လို့တောင် စွပ်စွဲထားပါတယ်။

Facebook / Meta ပိုင်တဲ့ Instagram ဟာ လူငယ်တွေကို ဆိုးကျိုးသက်ရောက်စေတယ်လို့ ပြောကြပါတယ်။ ကုမ္ပဏီဟာ ဝင်ငွေထဲက ပမာဏများစွာကို လှူဒါန်းခြင်းဖြင့် အမှားတွေကို သင်ပုန်းခြေသင့်ကြောင်းလည်း တချို့က ထောက်ပြကြပါတယ်။

Ref : indiatoday