Facebook က အမေရိကန် ပြင်ပ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ အိန္ဒိယနဲ့ ဘရာဇီး နိုင်ငံတွေမှာ News Tab ကို ထည့်သွင်းပေးဖို့ စီစဉ်နေတယ်လို့ ကြေညာလိုက်ပါတယ်။ ထည့်သွင်းပေးမယ့် အချိန်အတိအကျကို မသိရသေးဘဲ နောက် ၆ လကနေ ၁ နှစ်အတွင်း ဖြစ်မယ်လို့ Facebook က ပြောပါတယ်။

Facebook ဟာ ဇွန်လမှာ အမေရိကန်အတွက် News Tab ကို ထည့်သွင်းပေးခဲ့ပြီး ပါဝင်တဲ့ မီဒီယာတွေကို အခကြေးငွေ ပေးဖို့ စီစဉ်ခဲ့ပါတယ်။ အဲဒီ ဝန်ဆောင်မှုမှာ ပါဝင်နိုင်ဖို့အတွက် မီဒီယာတွေဟာ Facebook ရဲ့ စံနှုန်းတွေကို လိုက်နာရမှာ ဖြစ်ပြီး စာဖတ် ပရိသတ် များစွာ ရှိရမှာပါ။ Facebook က Third-party Fact Checker တွေကို အသုံးပြုပြီး သတင်းအချက်အလက် မှန်၊ မမှန်နဲ့ အဆိပ်အတောက် ဖြစ်တဲ့ စာတွေကို စစ်ဆေးမယ်လို့ ပြောပါတယ်။

Facebook ရဲ့ ကမ္ဘာလုံးဆိုင်ရာ သတင်း မီဒီယာ ပူးပေါင်းရေးဌာနမှ ဒုတိယ ဥက္ကဌ Campbell Brown က “ သုံးစွဲသူတွေရဲ့ အမူအကျင့် အပေါ်မူတည်ကာ နိုင်ငံအလိုက် သတင်းတင်ဆက်မှု ကွာခြားမှာပါ။ နိုင်ငံ ၁ ခုချင်းစီက မီဒီယာတွေနဲ့ အနီးကပ်ပူးပေါင်းပြီး စာဖတ်သူတွေအတွက် အကောင်းဆုံး ဖြစ်စေမယ့် နည်းလမ်းတွေကို စမ်းသပ်မှာပါ။ ဒါ့အပြင် မီဒီယာတွေရဲ့ စီးပွားရေးကိုလည်း ပံ့ပိုးပေးသွားမှာပါ။ “ လို့ မကြာခင်က ကြေညာခဲ့ပါတယ်။

Facebook ဟာ  မီဒီယာတွေရဲ့ သတင်းတွေကို အခကြေးငွေ ပေးပြီး အသုံးပြုဖို့ ကြိုးစားနေတာ နှစ်တော်တော်ကြာနေပါပြီ။ Facebook ရဲ့ အစီအစဉ် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အောင်မြင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : theverge