Facebook ကုမ္ပဏီဟာ နာမည်အသစ်တစ်ခုဆီ ဦးတည်နေတယ်လို့ The Verge က ဖော်ပြလိုက်ပါတယ်။ သတင်းရင်းမြစ်တွေဆီကနေရရှိတဲ့ စာရွက်စာတမ်းတွေအရ နာမည်သစ်ဟာ Metaverse တည်ဆောက်ခြင်းကို ထင်ဟပ်စေမဲ့ နာမည်အဖြစ် အဓိကထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိတော့ နာမည်သစ်ဟာ ဘာလဲဆိုတာကို မသိရသေးဘဲ လာမဲ့ အောက်တိုဘာလ ၂၈ ရက်၊ ကုမ္ပဏီရဲ့နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ Annual Connect conference မှာ နာမည်သစ်အကြောင်း ဆွေးနွေးမယ်လို့သိရပါတယ်။ ဒါပေမဲ့ ကုမ္ပဏီဟာ သူတို့ရဲ့နာမည်သစ်ကို ခပ်စောစော ထုတ်ပြန်ကြေညာလာမယ်လို့ မျှော်လင့်ရပါတယ်။

Facebook အနေနဲ့ နာမည်သစ်ကို စောစောနဲ့မြန်မြန် ထုတ်ဖော်လိုခြင်းက ကုမ္ပဏီရဲ့ရင်ဆိုင်နေရတဲ့ အကျပ်အတည်းနဲ့ ဒုက္ခတွေကို ကျော်လွှားဖို့ ကြိုးစားတာဖြစ်တယ်လို့ သုံးသပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ကုမ္ပဏီကို နာမည်သစ် ပြောင်းလဲလိုက်ခြင်းက Facebook လူမှုကွန်ရက်ကို သီးခြားထုတ်ကုန်အဖြစ် ခွဲထုတ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ WhatsApp, Instagram နဲ့ Oculus တို့လည်း အလားတူ ဖြစ်ပါတယ်။

Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ Facebook ဟာ Metaverse အမည်ရှိ Digital platform တစ်ခုတည်ဆောက်ဖို့ ပြင်ဆင်နေကြောင်း ဒီရက်သတ္တပတ်ရဲ့အစောပိုင်းကတည်းက သတင်းထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကြောင့် ဥရောပသမဂ္ဂမှာ အလုပ်အကိုင်အခွင့်အလမ်း ၁ သောင်းအထိ ဖန်တီးဖို့ ပြင်ဆင်နေကြောင်းလည်း ကုမ္ပဏီက ဖော်ပြခဲ့ပါတယ်။

Facebook ရဲ့ နာမည်သစ်အကြောင်းခန့်မှန်းကြရမှာတော့ Buzzword ဆန်ဆန်နာမည်မျိုးဖြစ်နိုင်ခြေရှိတယ်လို့ ဆိုကြပါတယ်။ VR gaming platform က “Horizon Worlds” အဖြစ်နာမည်ပြောင်းလိုက်ပြီးတဲ့နောက် အလားတူ “Horizon” ဆိုတဲ့ နာမည်ကိုပဲ ပြန်ယူသုံးလာဖွယ်ရှိတယ်လို့ The Verge က ခန့်မှန်းထားပါတယ်။

Ref: GSM Arena