Facebook အသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့ ဖုန်း Camera Roll (ဓာတ်ပုံတွေသိမ်းဆည်းထားတဲ့နေရာ) ထဲက ဓာတ်ပုံတွေကို Facebook ကို အသုံးပြုခွင့်ပေးလိုခြင်း ရှိ၊ မရှိ မေးမြန်းတဲ့ feature အသစ်တစ်ခုကို ကုမ္ပဏီက စတင်စမ်းသပ်နေပြီဖြစ်ပါတယ်။ သူ့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ သင် Facebook ပေါ်ကို လုံးဝမတင်ရသေးတဲ့ ဓာတ်ပုံတွေကိုတောင် အသုံးပြုပြီး ဓာတ်ပုံတွေစုစည်းမှု (Collages)၊ အနှစ်ချုပ်ပုံတွေ (Recaps) နဲ့ AI နည်းပညာနဲ့ ပြန်လည်မွမ်းမံထားတဲ့ပုံတွေ (AI-generated restyled images) ကို အလိုအလျောက် ဖန်တီးအကြံပြုပေးဖို့ ဖြစ်ပါတယ်။

Facebook Reels - Top 10 Best TikTok Alternatives That You Must Try In 2024

TechCrunch သတင်းမီဒီယာရဲ့ ဖော်ပြချက်အရ အသုံးပြုသူတချို့ သူတို့ရဲ့ Story အသစ်တင်တဲ့အခါ pop-up message တစ်ခု ပေါ်လာတာကို စတင်ကြုံတွေ့နေရပြီဖြစ်ပါတယ်။ အဲဒီ message မှာ Facebook ကို သုံးစွဲသူရဲ့ Camera Roll ကို ပုံမှန်စစ်ဆေးပြီး Meta ရဲ့ cloud ကို upload တင်ခွင့်ပြုဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒီလို upload တင်ခြင်းဟာ ဓာတ်ပုံတွေရဲ့ အချိန်၊ နေရာ နဲ့ ပါဝင်တဲ့အကြောင်းအရာလို အချက်အလက်တွေအပေါ်မူတည်ပြီး စဉ်ဆက်မပြတ် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Facebook Tests AI Photo Suggestions Using Your Camera Roll - With Opt-In  Cloud Uploads - iAfrica.com

 AI သင်ကြားရေးအတွက် မဟုတ်ဘူးလို့ Meta အာမခံ

Meta က ဒီ feature ဟာ သူတို့ရဲ့ AI စနစ်တွေကို သင်ကြားလေ့ကျင့်ပေးဖို့ (training) အတွက် အသုံးပြုမှာမဟုတ်ကြောင်း အထူးတလည် ပြောဆိုထားပါတယ်။ The Verge သတင်းဌာနနဲ့တွေ့ဆုံမှုမှာ Meta ရဲ့ ဆက်သွယ်ရေးမန်နေဂျာ Maria Cubeta က ဒီ feature ဟာ လူတွေက သူတို့ရဲ့ အမှတ်တရတွေကို ပိုပြီးလွယ်လွယ်ကူကူ မျှဝေနိုင်အောင် ကူညီပေးဖို့သာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ အသုံးပြုသူတွေရဲ့ ကိုယ်ပိုင်ဓာတ်ပုံတွေကနေ “မျှဝေဖို့အသင့်ဖြစ်ပြီး စီစစ်ရွေးချယ်ထားတဲ့ အကြောင်းအရာတွေ” ကို ကမ်းလှမ်းနိုင်မယ့် နည်းလမ်းတွေကို စမ်းသပ်နေတာဖြစ်တယ်လို့ သူမက ဆိုပါတယ်။

အသုံးပြုသူတွေ သဘောတူပြီး upload တင်လိုက်တဲ့ ဘယ်ဓာတ်ပုံကိုမဆို အကြောင်းအရာ အကြံပြုချက်တွေ ပိုကောင်းလာအောင်အတွက်သာ အသုံးပြုမှာဖြစ်ပြီး Meta ရဲ့ AI စနစ်တွေ တိုးတက်ဖို့အတွက် အသုံးချမှာမဟုတ်ကြောင်း Cubeta က ထပ်လောင်းရှင်းပြခဲ့ပါတယ်။ သဘောတူညီထားတဲ့အသုံးပြုသူတွေကလည်း ဒီ feature ကို အလိုရှိတဲ့အချိန်မှာ အလွယ်တကူ ပြန်ပိတ်ထားနိုင်မှာဖြစ်ပါတယ်။

 ကိုယ်ရေးကိုယ်တာလုံခြုံရေးနဲ့ ကိုယ့်အချက်အလက်တွေကို ထိန်းချုပ်ခြင်း

ဒီစမ်းသပ်မှုဟာ အကန့်အသတ်နဲ့သာဖြစ်ပေမယ့် အသုံးပြုသူတချို့က ဒီနှစ်အစောပိုင်းကတည်းက ဒီ feature ကို စတင်မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ Facebook ကလည်း သူ့ရဲ့ လုပ်ဆောင်ပုံကို ရှင်းပြထားတဲ့ Help Page တစ်ခုကို ထုတ်ပြန်ထားပြီးဖြစ်ကာ၊ feature ကို ဖွင့်နိုင်၊ ပိတ်နိုင်မယ့် အဆင့်တွေကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

အကယ်၍ သင်က ဓာတ်ပုံတွေမျှဝေဖို့ သဘောတူပြီးသားဖြစ်နေရင်၊ feature ကို အောက်ပါအတိုင်း ပြန်ပိတ်နိုင်ပါတယ်-

  1. Facebook app ရဲ့ Settings ကိုသွားပါ။
  2. Preferences ကို ရှာပါ။
  3. “Camera roll sharing suggestions” ကဏ္ဍကို ရှာပြီး feature ကို ပိတ်ဖို့ (turn off) ရွေးချယ်ပါ။

ဒီ feature က AI ဓါတ်ပုံ အမိုက်စားတွေ မျှဝေတဲ့နေရာမှာ ပိုပြီးလွယ်ကူစေနိုင်ပေမယ့် တစ်ဖက်မှာလည်း ကိုယ်ရေးကိုယ်တာလုံခြုံမှုဆိုင်ရာ မေးခွန်းထုတ်စရာတွေ ဖြစ်လာစေပါတယ်။ အသုံးပြုသူတွေအနေနဲ့ ကိုယ်သဘောတူလိုက်တဲ့အရာကို သေချာသိထားသင့်ပါတယ်။ စမ်းသပ်မှုတစ်ခုအတွင်းမှာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ကိုယ်ပိုင်မီဒီယာတွေကို ကုမ္ပဏီက ဘယ်လိုအသုံးပြုနေလဲဆိုတာ သိနိုင်ဖို့ အသေးစိတ်အချက်အလက်တွေကို ဖတ်ရှုနားလည်ထားဖို့ အရေးကြီးပါတယ်။ သင်ရဲ့ဒေတာမျှဝေမှုဆိုင်ရာ ရွေးချယ်မှုတွေအတွက် မသေချာဘူးဆိုရင် ကိုယ့်ရဲ့ app setting တွေကို အမြဲပြန်စစ်ဆေးဖို့ တိုက်တွန်းလိုက်ပါတယ်။

Ref : gizchina