လက်ရှိ အရှေ့တောင်အာရှဒေသရဲ့ အကောင်းဆုံး Dota 2 အသင်းနှစ်သင်းဖြစ်တဲ့ Fnatic နဲ့ TNC တို့ဟာ COVID-19 တိုက်ဖျက်ရေးကို ကူညီတဲ့အနေနဲ့ ရန်ပုံငွေချစ်ကြည်ရေးပွဲကစားပြီး ရရှိတဲ့အလှူငွေတွေကို ကပ်ဘေးကြီးကို တိုက်ဖျက်ဖို့ လှူဒါန်းပေးမှာပါ။

TNC နဲ့ Fnatic အသင်းတွေဟာ နှစ်ပေါင်းများစွာ ရပ်တည်လာတဲ့ ဒေသတွင်းပြိုင်ဘက်အသင်းကြီးနှစ်သင်းဖြစ်ပြီး အခုဆော့မယ့် ပွဲမှာတော့ ပိုပျော်စရာကောင်းအောင် ပြိုင်ပွဲတွေမှာ ကစားတဲ့ Captain’s Mode နဲ့ပြောင်းပြန် Reverse Captain’s Mode နဲ့ဆော့ကစားကြမှာပါ။ Reverse CM မှာတော့ ပြိုင်ဘက်အသင်းရဲ့ ကပ္ပတိန်က ရွေးပေးတဲ့ ဟီးရိုးနဲ့ ကိုင်တွယ်ကစားကြရမှာဖြစ်ပါတယ်။

မတ်လအတွင်းမှာ Summit 12 ပြိုင်ပွဲကို အနိုင်ရရှိခဲ့တဲ့ Fnatic ဟာ ကိုဗစ်ကြောင့် ရွှေ့ဆိုင်းလိုက်ရပြီး အွန်လိုင်းပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့တဲ့ ESL One LA Major မှာ ဒေသထိပ်သီးအသင်းဖြစ်တဲ့ TNC မပါဝင်နိုင်ခဲ့တာကို စနောက်ထားတဲ့ ပိုစ့်တစ်ခုကို ဧပြီလအစောပိုင်းမှာ တင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ TNC နဲ့ Fnatic တို့ဟာ Meme တွေ အပြန်အလှန်တင်ပြီး စနောက်ခဲ့ကြကာ BOOM, Adroit, Reality Rift စတဲ့ ဒေသတွင်းအသင်းတွေကပါ တပျော်တပါးကြီး ပါဝင်လာခဲ့ပြီး Dota 2 ပရိသတ်တွေအတွက် အပျင်းပြေစေခဲ့ပါတယ်။

အဲ့ဒီနောက်မှာ အခုလို ရန်ပုံငွေပွဲကစားမယ့် အစီအစဉ်ကို ရုတ်တရက်ကြေညာလာတဲ့အချိန်မှာတော့ တစ်ကမ္ဘာလုံးက Dota 2 ပရိသတ်တွေရဲ့ အာရုံဟာ သူတို့နှစ်သင်းပေါ် ရောက်နေနှင့်ပြီးပါပြီ။ ဒီလို အာရုံစိုက်ခံရတဲ့ အချိန်မှာ ချိန်သားကိုက်စီစဉ်ခဲ့တဲ့ Fnatic နဲ့ TNC တို့ရဲ့ ရန်ပုံငွေပွဲဟာ ကြည့်ရှုသူ ပုံမှန်ထက်များပြားနေမှာတော့ အသေအချာပါပဲ။

SEA ထိပ်သီးနှစ်သင်းရဲ့ Best of 5 (Bo5) ကစားပွဲကိုကြည့်ရှုသူတွေဟာ WHO ကနေ ဖွဲ့စည်းပေးထားတဲ့ COVID-19 တုံ့ပြန်တိုက်ဖျက်ရေး ရန်ပုံငွေကိုလည်း လှူဒါန်းနိုင်မှာဖြစ်ပါတယ်။ ဆော့ကစားမယ့်နေ့စွဲကတော့ ဧပြီလ ၁၈ ရက်နေ့ ဖြစ်ပါတယ်။

Ref – Dotesports