နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုဟာ ဘယ်တော့မှ ရပ်တန့်မသွားပါဘူး။ လူသားတွေအတွက် ပိုပြီးအဆင်ပြေလွယ်ကူစေတဲ့ အထောက်အကူပြုပစ္စည်းတွေဟာ အချိန်နဲ့အမျှ အသစ်တွေဖြစ်ပေါ်နေပါတယ်။ ဂရေဟမ်ဘဲလ်ရဲ့ တယ်လီဖုန်းကနေ ရွေ့လျားမိုလ်ဘိုင်းဖုန်း၊ ဒီကနေတစ်ဆင့် စမတ်ဖုန်း တွေအဖြစ် အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။

ခန့်မှန်းချက်တွေအရ ၂၀၂၃ ခုနှစ်ဟာ Foldable တွေရဲ့ နှစ်လို့ ဆိုချင်ပါတယ်။ လက်ရှိအချိန်မှာတော့ Foldable ဈေးကွက်ကို ဦးဆောင်ထားသူဟာ Samsung ဖြစ်ပေမဲ့လည်း ၂၀၂၃ မှာတော့ ကိုရီးယားကုမ္ပဏီကြီးကို စိန်ခေါ်မဲ့ အမှတ်တံဆိပ်တွေ များပြားလာမယ်လို့ မျှော်လင့်ရပါတယ်။ အထူးသဖြင့် တရုတ်အမှတ်တံဆိပ်တွေဟာ Foldable ဈေးကွက်ကို အပြိုင်အဆိုင် တိုးဝင်နေကြပြီး သူတို့အချင်းချင်းသာမက Samsung ကိုပါ စိန်ခေါ်လာတော့မှာ ဖြစ်ပါတယ်။

Galaxy Z Fold 4 နဲ့ Galaxy Z Flip 4 တို့ဟာ သိသာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှု မရှိပေမဲ့ ဈေးကွက်ထဲမှာ အောင်မြင်နေရခြင်းအကြောင်းရင်းတွေအနက် အထူးသတိပြုရမဲ့အချက်က ပြိုင်ဘက်မရှိလို့ ဖြစ်ပါတယ်။ နိုင်ငံတကာဈေးကွက်မှာ Galaxy Fold တွေအတွက် ယှဉ်ပြိုင်ရွေးချယ်ရမဲ့ အမှတ်တံဆိပ် များများစားစားမရှိပါဘူး။ အထူးသဖြင့် အမေရိကန်လိုမျိုး အဓိကဈေးကွက်တွေမှာ Samsung Foldable တွေဟာ အလွယ်တကူရရှိနိုင်ပြီး အခြားပြိုင်ဘက်တွေကတော့ မပေါက်ရောက်သေးတာကို တွေ့နိုင်ပါတယ်။

ဒါပေမဲ့ တရုတ်အမှတ်တံဆိပ် Foldable တွေဟာ Hardware ပိုင်းမှာ ပိုပြီးအဆင့်မြှင့်တင်လာကြပြီး နိုင်ငံတကာဈေးကွက်ထဲကို ထိုးဖောက်ဝင်ရောက်ဖို့လည်း အဆင်သင့်ဖြစ်လာကြတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် OPPO ရဲ့ Find N2, Find N2 Flip တို့၊ Xiaomi Mix 2 Fold တို့ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့်တော့ ဒီအမှတ်တံဆိပ် Foldable တွေဟာ Samsung Foldable တွေထက် ပိုကောင်းတယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ တီထွင်ဆန်းသစ်မှုရပ်တန့်လုနီးပါးဖြစ်နေတဲ့ Samsung နဲ့တော့ ပုခုံးချင်းယှဉ်ဖို့ နီးကပ်လာတာလည်း အမှန်ပဲဖြစ်ပါတယ်။

နောက်တစ်ချက်က Google ကလည်း ၂၀၂၃ မှာ Pixel Fold ကို ကြေညာတော့မှာပါ။ သတင်းတွေအရ ၂၀၂၃ ရဲ့ ပထမနှစ်ဝက်မှာ ဖြစ်ပါလိမ့်မယ်။ Pixel Fold ဟာ Galaxy Fold တွေကို စိန်ခေါ်နိုင်စွမ်းရှိ၊ မရှိဆိုတာ ပြောဖို့စောနေပါသေးတယ်။ ဒါပေမဲ့ သေချာပေါက် စိတ်ဝင်စားခံရပြီး ဈေးကွက်ဝေစုအချို့ကို ဖဲ့ယူသွားမယ်လို့ ခန့်မှန်းရပါတယ်။ ဘာပဲဖြစ်ဖြစ် Samsung အတွက်တော့ တစ်ယောက်တည်းပြေးပြီး ပထမရတာမျိုး ဖြစ်လာတော့မှာမဟုတ်တာ အသေအချာပဲ ဖြစ်ပါတယ်။

Ref: Phone Arena