ပြီးခဲ့တဲ့လပိုင်းတုန်းက EU ကနေ စမတ်ဖုန်းတွေမှာ USB-C ကို လာမယ့် ၂၀၂၄ ခုနှစ်က စတင်ပြီးအသုံးပြုဖို့ တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အခုလည်း အိန္ဒိယနိုင်ငံအစိုးရက စမတ်ဖုန်းတွေမှာ USB-C Charging Port ကိုပဲ အသုံးပြုဖို့ကို အလားတူကြေညာချက်ထုတ်ပြန်လိုက်ပါပြီ။

အိန္ဒိယနိုင်ငံအစိုးရရဲ့ ကြေညာချက်အရတော့ လာမယ့် မတ်လ ၂၀၂၅ ခုနှစ်ကနေ စတင်ပြီးတော့ စမတ်ဖုန်းတွေမှာ Charging Port အတွက် USB-C ကိုပဲ အသုံးပြုရမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ အခုကြေညာချက်ကို အစိုးရပိုင် Bureau of Indian Standard (BIS) ကနေ စမတ်ဖုန်းလောကအတွင်းမှာရှိတဲ့ သက်ဆိုင်ရာကုမ္ပဏီတွေ၊ တကမ္ဘာလုံးဆိုင်ရာ ကုန်ကြမ်းပစ္စည်းရရှိနိုင်မှုတွေအကုန်လုံးကို ဆွေးနွေးညှိနှိုင်းပြီး ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး စမတ်ဖုန်းတွေမှာ USB-C ကို ပြောင်းလဲအသုံးပြုရမှာဖြစ်ပေမယ့် အိန္ဒိယအစိုးရဟာ တချို့သော USB-C ကိုပြောင်းလဲလိုက်လို့ သိသာတဲ့အားသာချက်မရှိသွားတဲ့ Device အချို့ကိုတော့ ဆက်လက်ပြီး ခြွင်းချက်အနေနဲ့ သတ်မှတ်ပေးထားမယ်လို့ သိရပါတယ်။ ဒါကြောင့် တချို့သော စမတ်ဖုန်းတွေအတွက် Accessories တွေ၊ Wearable တွေက Micro USB ကို ဆက်လက်အသုံးပြုနိုင်ပါတယ်။

အိန္ဒိယနိုင်ငံက အခုလိုမျိုး ဆုံးဖြတ်ချက်ချလိုက်တာဟာ အဓိကအနေနဲ့ အိမ်တွေမှာ Charger တွေဖောင်းပွနေမှုကို လျော့ချဖို့ဖြစ်တယ်လို့ သိရပါတယ်။ အခုလိုမျိုး Charger တွေကို လျော့ချနိုင်မယ်ဆိုရင် e-Waste ထွက်ရှိမှုဟာလည်း လျော့နည်းသွားမှာဖြစ်တယ်ဆိုပြီး စားသုံးသူရေးရာဝန်ကြီးဌာနကနေ ပြောကြားခဲ့ပါတယ်။

Ref – Gizmo China