Foxconn ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက တရုတ်နိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စက်ရုံတွေအများစုကို ပိတ်ထားခဲ့ရပါတယ်။ အခုအချိန်မှာတော့ စက်ရုံတွေကို ပြန်လည်ဖွင့်လှစ်နေပြီဆိုပေမယ့် အလုပ်သမားတွေ ပြန်လည်အလုပ်မဆင်းတဲ့အတွက် Foxconn အနေနဲ့ အခက်ကြုံနေရတာဖြစ်ပါတယ်။

အခုအချိန်ဟာ လာမယ့် မတ်လမှာ မိတ်ဆက်ဖို့ရှိနေတဲ့ iPhone 9 Production ကို စတင်ရတော့မယ့်အချိန်လည်းဖြစ်နေတဲ့အတွက် Foxconn ကနေ အလုပ်သမားတွေကို စက်ရုံကို ပြန်လာအောင် ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါကတော့ စက်ရုံကို အလုပ်ပြန်လာလုပ်မယ်ဆိုရင် တရုတ်ယွမ်ငွေ ၃,၀၀၀ (မြန်မာငွေ ၆ သိန်း ၂ သောင်းကျော်) အထိ ပြန်လည်ပြီး ဆုငွေပေးအပ်သွားမှာဖြစ်ပါတယ်။

Foxconn ဟာ လက်ရှိအချိန်မှာ iPhone ထုတ်လုပ်မှုတွေကို ပုံမှန်ရဲ့ ၅၀ ရာခိုင်နှုန်းလုပ်အားနဲ့ပဲ ပြန်လည်စတင်နိုင်သေးတာဖြစ်ပြီး အခုအတိုင်းဆိုရင် ပုံမှန်ပြန်ဖြစ်ဖို့ အချိန်ကြာမြင့်ဦးမယ့်ပုံစံပါပဲ။ ဒါပေမယ့် အစောပိုင်းတရားဝင်သတ်မှတ်ထားတဲ့အချိန်အရဆိုရင် လာမယ့် ဖေဖော်ဝါရီလကုန်မှာ လုပ်အား ၈၀ ရာခိုင်နှုန်းနဲ့ ပြန်လည် လည်ပတ်ဖို့လိုအပ်နေတာဖြစ်ပါတယ်။

ဒီလိုမျိုး လုပ်သားတွေအရေးတကြီးလိုအပ်နေမှုကြောင့် Foxconn အနေနဲ့ ဆုကြေးငွေတွေ ပေးအပ်ခြင်းဖြစ်သလို ပုံမှန် Production Standard တွေကို ကိုက်ညီအောင်နဲ့ Deadline အမှီပြန်လည်ထုတ်လုပ်နိုင်အောင်လည်း တဖက်ကနေ တက်သုတ်ရိုက်နေရတာဖြစ်ပါတယ်။ Foxconn အနေနဲ့ Taiwan နဲ့ India မှာရှိတဲ့ စက်ရုံတွေကိုလည်း ထုတ်လုပ်မှုတွေခွဲဝေပေးထားပေမယ့် လုပ်အားကန့်သတ်ချက်တွေရှိနေတုန်းလို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် တဖက်မှာတော့ Apple ကလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် iPhone ရောင်းအားကျဆင်းပြီး ခန့်မှန်းဝင်ငွေကို ပြည့်မှီမှာမဟုတ်သလို လက်ရှိ ရောင်းချနေတဲ့ iPhone တွေပါ Stock ပြတ်လပ်နိုင်တယ်လို့ တရားဝင်ထုတ်ပြန်ခဲ့ပါသေးတယ်။

Ref – Gizmo China