Galaxy S21 FE နဲ့ Galaxy S22 flagship စီးရီးတွေက တရားဝင်ဖြစ်ပြီးတာကြောင့် Samsung ရဲ့ ၂၀၂၂ ခုနှစ်အတွက် ပရီမီယံမဟုတ်တဲ့ အခြားအမျိုးအစားတွေဘက်ကို မျက်နှာမူသင့်တဲ့အချိန်ရောက်ပါပြီ။ အထူးသဖြင့် တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးရဲ့ ဘတ်ဂျက်စမတ်ဖုန်းတွေဖြစ်တဲ့ F နဲ့ M အမျိုးအစားတွေကို မျှော်လင့်ရတော့မှာပါ။

ဘတ်ဂျက်ဆိုတဲ့ခေါင်းစဉ်တပ်လိုက်ရင် Galaxy F23 5G နဲ့ Galaxy 33 5G တို့လည်း ပါဝင်ပြီးသား ဖြစ်ပါလိမ့်မယ်။ ဒီစမတ်ဖုန်းနှစ်မျိုးဟာ သုံးစွဲသူတွေရှေ့မှောက်ကို တရားဝင်ရောက်ရှိတော့မဲ့ရက်လည်း နီးကပ်လာပြီလို့ ဆိုနိုင်ပါတယ်။ လာမဲ့ Galaxy F23 5G အတွက် Support Page ကိုလည်း Samsung India က လွှင့်တင်ပေးပြီးသားဖြစ်တာကို တွေ့ရပါပြီ။

Galaxy F23 5G ဟာ အိန္ဒိယဈေးကွက်မှာတော့ Flipkart exclusive ဖြစ်မယ်လို့ သိရပါတယ်။ အကယ်၍ Samsung ဟာ ဒီစမတ်ဖုန်းကို မွမ်းမံထားတဲ့မျိုးကွဲတစ်ခုအဖြစ် အခြားဈေးကွက်မှာ ဖြန့်ချိမယ်ဆိုရင်တော့ ဒါဟာ Galaxy M23 5G အမှတ်တံဆိပ်အောက်မှာပဲ လုပ်ဆောင်နိုင်ခြေရှိကြောင်း SAMMOBILE က ခန့်မှန်းဖော်ပြထားပါတယ်။

M-series အကြောင်းပြောရင်တော့ Galaxy M33 5G ရဲ့ ပွဲထွက်ချိန်ကလည်း နီးကပ်လာပါပြီ။ အခြား Support page တစ်ခုအဖြစ် Samsung Russian portal ပေါ်မှာ Galaxy M33 5G ကို တွေ့မြင်နေရတာလည်း ဖြစ်ပါတယ်။ ဒီဟန်းဆက်ကို ဥရောပရဲ့အခြားဈေးကွက်တွေမှာလည်း ရောင်းချမယ်လို့ မျှော်လင့်ရပါတယ်။

အိန္ဒိယဈေးကွက်အတွက် Flipkart alternative Galaxy M33 5G ဟာ ဘာဖြစ်မလဲဆိုတာနဲ့ပတ်သက်ပြီး သက်သေပြစရာမရှိသေးပေမဲ့ အကယ်၍ရှိနေခဲ့မယ်ဆိုရင် ဒါဟာ Galaxy F33 5G လို့ ယူဆနိုင်ပါတယ်။ Galaxy M33 5G ကို ဒီသီတင်းပတ်အစောပိုင်းမှာ Bluetooth SIG က အတည်ပြုခဲ့ပါတယ်။ အစောပိုင်း Benchmarks တွေအရလည်း Galaxy M33 မှာ Exynos 1200 chipset သုံးထားကြောင်း သိရပါတယ်။

Ref: SAMMOBILE