ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းအထိ လူတွေအားလုံးရဲ့ စိတ်ကူးထဲမှာ ၂၀၂၀ အတွက် အစီအစဉ်တွေ ကိုယ်စီရှိနေနှင့်ပြီးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ၂၀၂၀ ပြည့်နှစ်ရဲ့ အစောပိုင်းမှာပဲ COVID-19 က တစ်ကမ္ဘာလုံးကို ထိုးနှက်တိုက်ခိုက်လာပြီး အားလုံးရဲ့ စိတ်ကူးထဲက အစီအစဉ်တွေကို ဖရိုဖရဲ ဖြစ်အောင် နှောင့်ယှက်ခဲ့ပြီဖြစ်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါကြောင့် နှောင့်နှေးမှုတွေရှိနေပေမယ့်လည်း တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Samsung ကတော့ Galaxy Note20 Series နဲ့ Galaxy Fold 2 ကို မူလအစီအစဉ်အတိုင်း ဆက်သွားနေဖို့ အပြင်းအထန် ကြိုးစားနေတာကို တွေ့ရပါတယ်။

အကြောင်းကတော့ Samsung ဟာ ၂၀၂၀ ပထမသုံးလပတ် ဝင်ငွေအစီရင်ခံစာမှာ Galaxy Note20 Series နဲ့ Galaxy Fold 2 တို့ကို ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ ဖြန့်ချိမယ်ဆိုတာကို အတည်ပြုချက်ပေးခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒီအတည်ပြုချက်ဟာ ထင်ထင်ရှားရှား၊ ပြတ်ပြတ်သားသား မဟုတ်ဘူးလို့ ဆိုနိုင်ပေမယ့် အခုလို မသေချာ၊ မရေရာတဲ့အချိန်မှာတော့ ဝမ်းသာစရာ သတင်းကောင်းအဖြစ် သတ်မှတ်ရမှာပါ။

ကနဦး ကောလာဟလတွေအရနဲ့ သတ်မှတ်ထားတဲ့ အချိန်ဇယားတွေအတိုင်းဆိုရင်တော့ Galaxy Note20 Series နဲ့ Galaxy Fold 2 တို့ဟာ လာမယ့် သြဂုတ်လအတွင်း တစ်ရက်ရက်မှာ ပွဲထွက်လာမယ်လို့ မှတ်ယူရပါတယ်။ ဒါပေမယ့် ကပ်ရောဂါကြောင့် ဘာမဆိုပြောင်းလဲသွားနိုင်တဲ့အတွက် ကုမ္ပဏီရဲ့ တရားဝင်ကြေညာချက်ကိုပဲ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။

Ref: GSM Arena