Galaxy S21 နဲ့ ပတ်သက်ပြီး ထွက်နေတဲ့သတင်းတွေထဲမှာ S Pen ပါဝင်လာပြီး Note စီးရီးနေရာမှာ အစားထိုးဝင်ရောက်မယ်ဆိုတာကတော့ အတော်လေးကို စိတ်ဝင်စားစရာကောင်းတယ်လို့ ဆိုရပါမယ်။ ဒါပေမယ့် Galaxy S21 ရဲ့ စိတ်ဝင်စားစရာသတင်းတွေက ဆက်ထွက်လာတုန်းပါ။

ဒီနှစ်အစောပိုင်းတုန်းက Samsung ဟာ ဒုတိယနှစ်ဝက်ထဲမှာ တတိယမျိုးဆက် 10nm-class (1z) process နည်းပညာသုံး 16GB LPDDR5 DRAM တွေ အမြောက်အများထုတ်လုပ်မယ်လို့ ကြေညာခဲ့ဖူးပါတယ်။ အခုတော့ အလုံးအရင်းထုတ်လုပ်မှုကို Pyeongtaek စက်ရုံမှာ စတင်နေပြီလို့ သိရပါတယ်။ Chaebol ရဲ့ တတိယမျိုးဆက် 10nm-class (1z) process node သုံး EUV နည်းပညာနဲ့ အလုံးအရင်းထုတ်လုပ်မှာ ဖြစ်ပါတယ်။

Samsung ရဲ့ 16GB LPDDR5 တွေဟာ DRAM တိုးတက်မှုလမ်းကြောင်းပေါ်က အတားအဆီးတွေကို ကျော်ဖြတ်နိုင်ခဲ့တာကြောင့် သိသိသာသာ မြန်ဆန်တဲ့စွမ်းဆောင်မှုကို ယူဆောင်လာပြီး ထုတ်လုပ်မှုနယ်ပယ်အတွက် တံခါးသစ်တစ်ချပ် ဖွင့်လှစ်လိုက်တာနဲ့တူညီတယ်လို့ ကုမ္ပဏီရဲ့ DRAM ထုတ်ကုန်နဲ့ နည်းပညာ ဒုတိယဥက္ကဌ Jung-bae Lee က ဆိုပါတယ်။

ဒါကြောင့် Samsung ရဲ့ Memory အသစ်ဟာ မိုလ်ဘိုင်း DRAM တွေမှာ အမြင့်ဆုံး Speed နဲ့ အကြီးမားဆုံးစွမ်းရည်ကို ပေးနိုင်တယ်လို့ ကုမ္ပဏီက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ LPDDR5 ဟာ တစ်စက္ကန့်မှာ 6,400 megabits transfer rate ရှိတယ်လို့ သိရပါတယ်။ ဒါဟာ Galaxy Note 20 မှာတွေ့ရတဲ့ 12GB LPDDR5 ထက် ၁၆% ပိုပြီးမြန်ဆန်တယ်လို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် 16GB package ဟာ 51.2GB data ကို တစ်စက္ကန့်အတွင်း Transfer ပြုလုပ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။

Ref: Phone Arena