ဒီရက်ပိုင်းအတွင်းမှာ Samsung Galaxy S22 Ultra နဲ့ပတ်သက်တဲ့သတင်းတွေ ဆက်တိုက်ဆိုသလိုထွက်ပေါ်လာတာကို တွေ့မြင်ရပါတယ်။ အထူးသဖြင့် Galaxy S22 Ultra ရဲ့ ကျောဘက်ကင်မရာတွေနဲ့ Built-in S Pen ပါဝင်လာမယ်ဆိုတဲ့သတင်းက Samsung Fan တွေကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေခဲ့ပါတယ်။

အခုလည်း Galaxy S22 Ultra ရဲ့ Render အချို့ ပေါက်ကြားထွက်ပေါ်လာခဲ့ပြန်ပါပြီ။ ဒီ Render တွေမှာတော့ Galaxy S22 Ultra မှာ S Pen ပါသလား၊ မပါဘူးလား၊ Boxier ဒီဇိုင်းမျိုး ဟုတ်သလား မဟုတ်ဘူးလား၊ ကင်မရာဖွဲ့စည်းတည်ဆောက်ပုံက ဘယ်လိုလဲဆိုတဲ့ မေးခွန်းတွေအတွက် အနီးစပ်ဆုံးလို့ဆိုနိုင်မဲ့ အဖြေအချို့ကို တွေ့မြင်ရပါတယ်။

Leakster Steve Hemmerstoffer ဟာ ယုံကြည်စိတ်ချရတဲ့သူဖြစ်တဲ့အပြင် အခြားယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တွေကနေထွက်ပေါ်ထားတဲ့ သတင်းတွေနဲ့တိုက်ဆိုင်ကြည့်ရင်လည်း ကိုက်ညီချက်အများအပြားကိုတွေ့မြင်နေရပါတယ်။ ဒါကြောင့် အခုထွက်ပေါ်လာတဲ့ Render တွေဟာ Galaxy S22 Ultra အစစ်အမှန်နဲ့ အတော်လေးကိုနီးစပ်မယ်လို့ပဲ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။

Render ကို ကြည့်လိုက်တာနဲ့ ဒါဟာ Galaxy S22 Ultra လား Galaxy Note မော်ဒယ်သစ်လားဆိုပြီး မေးယူရလောက်တဲ့ ဒီဇိုင်းပိုင်းကို တွေ့မြင်ရမှာပါ။ Galaxy Note ရဲ့ ဒီဇိုင်းတွေဟာ လာမဲ့မျိုးဆက်သစ် Galaxy S တွေမှာ ဝင်ရောက်ရောယှက်နေမယ်ဆိုတဲ့ ကောလာဟလတွေက အချည်းနှီးမဟုတ်ခဲ့ပါဘူး။ 6.8-inch မျက်နှာပြင်ရဲ့ ဘေးနှစ်ဘက်စလုံးမှာလည်း ကွေးညွတ်ပြီး ပါးလွှာတဲ့ Bezels တွေကို မြင်တွေ့နေရပါတယ်။

Chin ကတော့ အနည်းငယ်ထူနေတုန်းလို့ဆိုရပေမဲ့ တိုးတက်လာတာတော့ အမှန်ပါပဲ။ Galaxy S22 Ultra မှာ UDC ကို မြင်တွေ့ရခြင်းမရှိဘဲ ပိုပြီး သေးလာတဲ့ Punch-hole ကိုပဲ ဆက်ပြီး မြင်တွေ့ရမှာပါ။ ကျောဘက်ကင်မရာဖွဲ့စည်းပုံကတော့ “အဆန်းကြီး” လို့ပဲ ဆိုရပါလိမ့်မယ်။ အထက်အောက်တန်းစီထားတဲ့ ကင်မရာသုံးလုံးဘေးမှာ ကင်မရာတစ်လုံး၊ Laser autofocus နဲ့ ဖလက်ရှ်ကို နေရာချထားပေမဲ့ ကင်မရာအိမ်ကိုတော့ မျက်စိထဲကန့်လန့်ဖြစ်အောင် လုပ်ထားသလားလို့ ထင်ရပါတယ်။

Samsung ဟာ “Counter Cut” camera bump ဒီဇိုင်းကို မိတ်ဆက်ခဲ့ဖူးပေမဲ့ တစ်နှစ်မပြည့်ခင်မှာပဲ လက်လျှော့ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒီနေရာမှာ အစားထိုးလာတာက P-shape bump ပါ။ အခုမြင်တွေ့ရတဲ့ ဒီဇိုင်းပါပဲ။ ကင်မရာတွေကတော့ 108MP အဓိကကင်မရာ၊ 12MP ကိုယ်စီဖြစ်ကြတဲ့ Ultra-wide, 3x telephoto နဲ့ 10x periscope တို့ဖြစ်တယ်လို့ ဆိုပါတယ်။ ကင်မရာတိုင်းဟာ Optical image stabilization (OIS) ကို စံအဖြစ် ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ Punch-hole ထဲမှာတော့ 40MP ကင်မရာဖြစ်ပါတယ်။

ဟန်းဆက်တစ်ခုလုံးကိုခြုံကြည့်ရင် Galaxy S22 Ultra ဟာ Note ရဲ့ လွှမ်းမိုးမှုတွေအောက်မှာရှိနေတယ်လို့ ခံစားရမှာပါ။ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ အောက်ခြေမှာမြင်တွေ့ရတဲ့ S Pen slot ပဲဖြစ်ပါတယ်။

Ref: Phone Arena