Samsung ဟာ လက်ရှိအချိန်မှာ Galaxy Note Series ဖုန်းတွေကို ထုတ်လုပ်ခြင်းမရှိတော့တဲ့အတွက် Galaxy S Series ဖုန်းတွေကပဲ Flagship ဖုန်းတွေအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။​ ယခုနှစ်အစောပိုင်းမှာလည်း Samsung ကနေ Galaxy S23 Series ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီး စျေးကွက်အတွင်းမှာ အောင်မြင်တဲ့ Flagship ဖုန်းတွေလို့ သတ်မှတ်နိုင်ပါတယ်။

ဒါပေမယ့် Samsung ဟာ Galaxy S20 Series နောက်ပိုင်းထဲက Galaxy S Series ဖုန်းတွေရဲ့ ဒီဇိုင်းပိုင်းကို အများကြီးပြောင်းလဲမှုတွေပြုလုပ်ခြင်းမရှိသလို မိတ်ဆက်တဲ့ဖုန်းတွေအနေနဲ့လည်း ပြောင်းလဲခြင်းမရှိဘဲ Galaxy S23 ၊​ S23+ နဲ့ S23 Ultra လိုမျိုး အမျိုးအစား ၃ မျိုးကို နှစ်စဥ်မိတ်ဆက်နေတာဖြစ်ပါတယ်။

အခုနောက်ဆုံးသိရရတဲ့သတင်းအရ Samsung ဟာ လာမယ့် ၂၀၂၄ ခုနှစ်အစောပိုင်းမှာ မိတ်ဆက်လာမယ့် Galaxy S24 Series ရဲ့ ဖုန်းဒီဇိုင်းကိုလည်း ပြောင်းလဲမှာမဟုတ်သေးဘူးလို့ သိရပါတယ်။ ဒါကြောင့် Galaxy S24 နဲ့ Galaxy S24+ ဖုန်းတွေဟာ ယခုနှစ် Galaxy S23 ၊​ Galaxy S23+ ဖုန်းတွေနဲ့ ဒီဇိုင်းအတူတူနီးပါးဖြစ်နေဦးမှာပါ။

ဒါပေမယ့် Galaxy S24 Ultra ဖုန်းအတွက်ကတော့ သတင်းထွက်ရှိလာခြင်းမရှိတာကြောင့် ဒီဇိုင်းပိုင်း ပြောင်းလဲမှုရှိလာမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Samsung Galaxy S24 Series ဖုန်းတွေဟာ စွမ်းဆောင်ရည်ပိုင်းမှာလည်း အများအပြားပြောင်းလဲမှုရှိမှာမဟုတ်ဘဲ Battery ပိုင်းနဲ့ Camera ပိုင်းကိုပဲ​ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်လာမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung ဟာ အခုနောက်ပိုင်းမှာ သာမန် Flagship S Series ဖုန်းတွေထက် Foldable ဖုန်းတွေကိုပဲ ပိုပြီး အာရုံစိုက်နေတာကိုတော့ လက်ခံရမှာပါ။

Ref – Gizmo China