Samsung အမှတ်တံဆိပ်ထဲက ဒေါင်လိုက်ခေါက်နိုင်တဲ့ Foldable ဖုန်းဆိုရင်တော့ Galaxy Z Flip Series ကိုပဲ ပြေးမြင်ကြမှာပါ။ Galaxy Fold ကို ဆက်ခံတဲ့ မျိုးဆက်သစ်ကို တွေ့မြင်နေရချိန်မှာ ကုမ္ပဏီအနေနဲ့ Galaxy Z Flip ကို ဆက်ခံမယ့်မျိုးဆက်သစ်အတွက် လုပ်ဆောင်နေတယ်ဆိုတာ အံ့သြစရာတော့ မဟုတ်ပါဘူး။

Galaxy Z Flip 2 ကို ဒီနှစ်ထဲမှာ မြင်တွေ့ရဖွယ် မရှိဘူးလို့ ဆိုရမှာပါ။ ဒါပေမယ့်လည်း ဒီဟန်းဆက်ရဲ့ အချက်အလက်အချို့ကတော့ ကောလာဟလအဖြစ် ပေါ်ထွက်လာခဲ့ပါပြီ။ ဗီယက်နမ် Leakster တစ်ဦးဖြစ်တဲ့ Chun (@chunvn8888) က Galaxy Z Flip 2 နဲ့ပတ်သက်တာတွေကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Chun ကတော့ လာမယ့် မျိုးဆက်သစ် Galaxy Z Flip 2 ရဲ့ အပြင်ဘက်မျက်နှာပြင်ဟာ ပိုပြီးကြီးမားလာမယ်လို့ ဆိုပါတယ်။ Moto Razr 2019 နဲ့ Moto Razr 5G တို့မှာတော့ အပြင်ဘက်မျက်နှာပြင်ဟာ 2.7-inch အရွယ်အစား ရှိပြီး Z Flip မှာတော့ ထက်ဝက်လောက်သေးငယ်တဲ့အရွယ်အစားအဖြစ် 1.1-inch မျက်နှာပြင်သာရှိပါတယ်။

ဒါ့အပြင် Galaxy Z Flip 2 ဟာ အမျိုးအစားသစ်ဖြစ်တဲ့ UTG (Ultra-Thin Glass) ကိုအသုံးပြုထားမှာဖြစ်သလို၊ ပတ္တာကိုလည်း အဆင့်မြှင့်တင်ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။ နောက်တစ်ချက်ကတော့ Galaxy Z Flip ရဲ့ 3,300mAh ဘက်ထရီထက် ပိုပြီး မြင့်မားလာမယ်လို့ ဖော်ပြထားပါတယ်။ ဒါတင်မကသေးပါဘူး Refresh rate ကလည်း ပိုပြီးမြင့်မားလာမယ်လို့ ဆိုထားပါသေးတယ်။

Galaxy Z Flip 2 ကို မိတ်ဆက်ဖို့ဆိုတာ အချိန်အားဖြင့် အတော်လေး ကြာမြင့်ဦးမှာပါ။ ဒါကြောင့် ကြားကာလအတွင်းမှာ ဒီဟန်းဆက်နဲ့ပတ်သက်ပြီး သတင်းပေါက်ကြားတာတွေဖြစ်ပေါ်လာဦးမှာသေချာတာကြောင့် ဆက်လက်စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: Gizmochina