အရင်က Galaxy Fold 2 လို့ သိခဲ့ကြတဲ့ ဖုန်းကို Galaxy Z Fold 2 လို့ နာမည်ပေးထားမယ်ဆိုပြီး မကြာခင်က သတင်းထွက်လာပါတယ်။ အဲဒီဖုန်းကို ဩဂုတ်လ ၅ ရက်နေ့မှာ ကျင်းပမယ့် Galaxy Unpacked Event မှာ မကြေညာဘူးလို့ သတင်းထွက်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာတော့ နောက် ၁ မျိုး သတင်းထွက်လာပါတယ်။ Galaxy Z Fold 2 ကို ဩဂုတ်လ ၅ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး အောက်တိုဘာလ မတိုင်ခင်တော့ ရောင်းချမှာ မဟုတ်ဘူးလို့ သိရပါတယ်။
One fold, infinite possibilities. Unpacked on August 5, 2020.
Visit https://t.co/ca2XTlBGnt to watch the #SamsungEvent pic.twitter.com/kESP5toPrS— Samsung Mobile (@SamsungMobile) July 19, 2020
အခုတော့ Samsung က Galaxy Z Fold 2 ပါတဲ့ Galaxy Unpacked ဗီဒီယို အသစ်ကို မျှဝေလိုက်ပါတယ်။ ၁၂ စက္ကန့်ပဲ ကြာတဲ့ ဗီဒီယိုမှာ ကြေးနီရောင် ရေစက်ရေပေါက်လေးတွေဟာ လိပ်ပြာလို အရာဝတ္ထု အဖြစ် အသွင်ပြောင်းသွားတာ မြင်ရပါတယ်။ မူလ Galaxy Fold ရဲ့ Wallpaper ဟာ လိပ်ပြာ ဖြစ်တဲ့အတွက် ဒီဗီဒီယိုဟာ Galaxy Fold မျိုးဆက်ကို ရည်ညွှန်းတာ သေချာပါတယ်။ ဒီနှစ်မှာတော့ Galaxy Z Fold 2 လို့ နာမည်ပြောင်းထားမှာ ဖြစ်ပြီး Samsung ဟာ လူကြိုက်များနေတဲ့ Galaxy Z Flip နဲ့ နာမည်တူအောင် ပြောင်းလဲနေတာပါ။
ပေါက်ကြားနေတဲ့ သတင်းတွေအရ Galaxy Z Fold 2 မှာ ၇.၅၉ လက်မ AMOLED 2213x1689p မျက်နှာပြင်နဲ့ 120Hz Refresh Rate တွေ ပါလာမှာပါ။ အပြင်ဘက် မျက်နှာပြင်က ၆.၂၃ လက်မ ဖြစ်ပြီး SD865+ မောင်းနှင်ထားနိုင်ပါတယ်။ 12GB RAM နဲ့ 512GB Storage ထည့်သွင်းထားနိုင်ပြီး အနောက်ဘက်မှာ 64MP အပါအဝင် ကင်မရာ ၃ လုံး ပါလာနိုင်ပါတယ်။ 4,365mAh ဘက်ထရီ ထောက်ပံ့ထားမှာပါ။
Galaxy Z Fold 2 နဲ့အတူ Galaxy Note20 နဲ့ Note20 Ultra တို့ကိုပါ ကြေညာမှာ ဖြစ်ပြီး Ultra မှာ 108MP Penta ကင်မရာ ထည့်ထားမှာပါ။ ဒါ့အပြင် Galaxy Z Flip ရဲ့ 5G မော်ဒယ်ကို ချပြမှာ ဖြစ်ပြီး SD865 , 5G Modem တွေ ပါလာနိုင်ပါတယ်။
Ref : gizchina