ကိုရိုနာဗိုင်းရပ်စ်ဟာ အခြားစီးပွားရေးလုပ်ငန်းတွေလိုပဲ Gaming လောကကိုလည်း အထိနာစေပါတယ်။ Esports ပွဲစဉ်တွေကို အချိန်ရွှေ့ဆိုင်းခဲ့ရသလို ဂိမ်းစက်အစိတ်အပိုင်းတွေ ထုတ်လုပ်မှုအပိုင်းမှာလည်း ထိခိုက်ခဲ့ရတယ်။ ယခုအခါ PAX East ပြပွဲကိုလည်း အကြီးစားဂိမ်းထုတ်လုပ်သူတွေဖြစ်တဲ့ CD Projekt Red, Capcom နဲ့ PUBG Corp တို့က ဒီအကြောင်းပြချက်နဲ့ပဲ တက်ရောက်ဖို့ ဖျက်သိမ်းသွားခဲ့ပါတယ်။

အားလုံးထဲမှာ Capcom ကုမ္ပဏီက အရင်ဆုံးကြေညာခဲ့တာဖြစ်ပြီး သူတို့ရဲ့ Monster Hunter World: Iceborne နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ထုတ်ပြန်မှာဖြစ်ပေမယ့် ပြပွဲကိုတော့ ဝန်ထမ်းတွေ စေလွှတ်ပြသတော့မှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။

PUBG Corp ကလည်း Gamespot နဲ့ အင်တာဗျူးမှာ PAX East ပွဲကို မတက်ရောက်တော့ဘူးလို့ အတည်ပြုခဲ့ပြီး သူတို့ပရိသတ်တွေနဲ့ ပျော်စရာအစီအစဉ်တွေ စီစဉ်ထားတာကိုလည်း ဗိုင်းရပ်စ်ပိုစ်ရန်စွယ်ကို မထိန်းသိမ်းနိုင်သေးသရွေ့ထိ ရွှေ့ဆိုင်းထားမှာပါ။ အခုနှစ်ထဲမှာ ပရိသတ်စောင့်စားမှုအများဆုံးဂိမ်းတစ်ခုဖြစ်တဲ့ Cyberpunk 2077 ဂိမ်းကို အဆိုပါပွဲမှာ ထပ်မံချဲ့ထွင် ပြသလာမယ်လို့ ယူဆခဲ့ကြပေမယ့် CD Projekt Red စတူဒီယိုကလည်း PAX ပွဲကို တက်ရောက်ဖို့ အစီအစဉ်အား ဖျက်သိမ်းခဲ့ပါတယ်။

စမတ်ဖုန်းကုမ္ပဏီတွေအားထားရာ နည်းပညာပြပွဲတစ်ခုဖြစ်တဲ့ MWC ပွဲတော်ကိုလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုမ္ပဏီတွေ တစ်ခုပြီးတစ်ခု နောက်ဆုတ်သွားရာက ပွဲဖျက်လိုက်ရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ ဒီတစ်ခါရော PAX ပြပွဲဟာ အလားတူ ကံကြမ္မာကို ကြုံရဦးမလား ဆိုတာ လာမယ့်ရက်အနည်းငယ်အတွင်း စောင့်ကြည့်ရဦးမှာပါပဲ။

Ref – Dotesports