ဆော်ဒီအစိုးရကနေ ကျောထောက်နောက်ခံပေးပြီး ကျင်းပတဲ့ COVID-19 တိုက်ဖျက်ရေး Esports ရန်ပုံငွေအစီအစဉ် Gamers Without Borders ဟာ လူကြိုက်များ Dota 2 ပြိုင်ပွဲကို ကျင်းပပြီးတဲ့နောက်မှာ CS:GO (Counter-Strike: Global Offensive) ပြိုင်ပွဲကိုပါ ဆက်လက်ကျင်းပသွားဦးမှာပါ။

GWB အစီအစဉ်အတွက် CSGO ပြိုင်ပွဲဟာ ငါးခုမြောက် Esports ဂိမ်းဖြစ်ပြီး Dota 2 ထက် အနည်းငယ်ပိုများတဲ့ ဆုကြေးဒေါ်လာ ၂ သန်း ချီးမြှင့်မှာပါ။ ဒီပွဲကို “International Elite Tournaments Series” လို့ အမည်ပေးထားပြီး အနိုင်ရသူတွေဟာ ထုံးစံအတိုင်း သူတို့ အနိုင်ရတဲ့ ဆုကြေးဒေါ်လာသိန်းပေါင်းများစွာကို မိမိနှစ်သက်ရာ COVID-19 တိုက်ဖျက်ရေးပါဝင်နေတဲ့ အဖွဲ့အစည်းတစ်ခုသို့ လှူဒါန်းနိုင်မှာပါ။

ဒီပြိုင်ပွဲမှာလည်း ကမ္ဘာအနှံ့က ထိပ်သီးအသင်းခြောက်သင်းကိုပဲ တိုက်ရိုက်ဖိတ်ခေါ်ယှဉ်ပြိုင်စေပြီး မေလ ၂၉ မှ ၃၁ ရက်နေ့ထိ ဆော့ကစားကြမှာဖြစ်ပါတယ်။ Esports ပွဲတွေ ကျင်းပပေးနေကြ ESL အဖွဲ့က ကြီးမှူးကျင်းပပေးမှာဖြစ်ပြီး စုစုပေါင်းဆုကြေးငွေ အမေရိကန်ဒေါ်လာနှစ်သန်းကို ဘယ်လိုဝေမျှပေးမှာလဲဆိုတာတော့ မကြေညာရသေးပါဘူး။

တိုက်ရိုက်ဖိတ်ခေါ်ခံအသင်းခြောက်သင်းကတော့ G2, Fnatic, Na’Vi, Mousesports, FaZe နဲ့ OG တို့ဖြစ်ပြီး အွန်လိုင်းသာဆော့ကစားရမှာဖြစ်တာကြောင့် ဥရောပနဲ့ CIS ဒေသအခြေစိုက်အသင်းတွေကိုသာ ရွေးချယ်ထားတာ တွေ့ရပါတယ်။ ဒေသတစ်ခုနဲ့တစ်ခု အရမ်းကွာခြားရင် ဆော့ကစားချိန်မှာ Latency ပြဿနာကြောင့် အသင်းတွေရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝမြင်ရမှာမဟုတ်လို့ပါ။

GWB အစီအစဉ်ရဲ့အောက်မှာ Esports ဂိမ်းတွေ တစ်ခုပြီးတစ်ခု ယှဉ်ပြိုင်ရင်း လှူဒါန်းလာတာ ဧပြီ ၂၄ ရက်နေ့ထဲက ဖြစ်ပြီး CS:GO ပြီးရင်တော့ ဇွန်လ ၅ – ၇ မှာ နောက်ဆုံးဂိမ်းတစ်ခုကိုဆော့ကစားစေမှာဖြစ်ပါတယ်။ GWB ဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀ သန်း လှူဒါန်းမှာဖြစ်ပါတယ်။ ရှေ့မှာကစားခဲ့တဲ့ဂိမ်းတွေကတော့ PUBG Mobile, Rainbow Six Siege, Dota 2, Fortnite တို့ပဲဖြစ်ပါတယ်။

Ref – AFKGaming