Gionee ဟာ စမတ်ဖုန်းလောကမှာ ထိပ်တန်းအမှတ်တံဆိပ်အဖြစ် သတ်မှတ်ခြင်းမခံရပေမယ့် ဘက်ထရီပိုင်းနဲ့ပတ်သက်ရင်တော့ အမြဲတမ်းအမှတ်ရနေရမယ့် အမှတ်တံဆိပ်ဖြစ်ပါတယ်။ အထူးသဖြင့် Marathon (မာရသွန်) စီးရီးကို ပိုပြီးလူသိများကြပါတယ်။

အခုလည်း 10,000mAh ပမာဏ ဘက်ထရီနဲ့ Gionee ဟန်းဆက်တစ်ခုကို TENAA မှာ မြင်တွေ့လာရပြန်ပါတယ်။ TENAA က ထုတ်ဖော်ပြသတဲ့ ပုံတွေက ဟန်းဆက်ရဲ့ပုံသဏ္ဍာန် ဘယ်လိုရှိမလဲဆိုတာ သိနိုင်ပေမယ့် အသေးစိတ် ရှင်းရှင်းလင်းလင်း မြင်ရတဲ့ ပုံတွေတော့ မဟုတ်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ဒီ 10,000mAh ဘက်ထရီနဲ့ ဟန်းဆက်ဟာ Gionee Marathon စီးရီးရဲ့ မိသားစုဝင်သစ် ဖြစ်နိုင်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ အကြောင်းက ၂၀၁၅ မှာထုတ်ခဲ့တဲ့ Marathon M5 ဟာ 6,020mAh ပမာဏ ဘက်ထရီနဲ့ဖြစ်ပြီး၊ M2017 ကတော့ 7,000mAh နဲ့ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် မော်ဒယ်သစ်ဟာ ပိုပြီးများပြားတဲ့ ဘက်ထရီပမာဏနဲ့ဖြစ်လာမယ်ဆိုတာကို သံသယ ဖြစ်စရာမလိုပါဘူး။

ဒါပေမယ့် မော်ဒယ်သစ်မှာ စိတ်ပျက်စရာ အချက်အလက်တွေလည်း ရှိနေပါသေးတယ်။ Anodroid 7.1 Nougat OS ဆိုတာကတော့ အတော်လေးကို ကသိကအောက် ဖြစ်စရာပါပဲ။ 2.0GHz octa-core CPU နဲ့ 4GB of RAM (6GB/8GB ရွေးချယ်စရာရှိ) ဆိုတာတွေကတော့ လက်သင့်ခံနိုင်စရာအချက်တွေပါ။ သိုလှောင်မှုတွေကလည်း 64/128/256GB တွေ ဖြစ်တာကို တွေ့ရပြီး MicroSD ပေါက်လည်း ပါဝင်ပါတယ်။

မျက်နှာပြင်ကတော့ 5.72-inch LCD (720P+) အမျိုးအစား ဖြစ်ပါတယ်။ အလေးချိန် 305g ဆိုတာကတော့ ဘက်ထရီပမာဏကြောင့် အံ့အားသင့်စရာ မရှိပါဘူး။ အားသွင်းစနစ်အကြောင်း မသိရပေမယ့် အနိမ့်ဆုံးတော့ 10W အားသွင်းစနစ် ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီဟန်းဆက်ဟာ 4G ဟန်းဆက်သာဖြစ်ပြီး ကျောဘက်မှာတော့ 16MP ကင်မရာနဲ့ Fingerprint Scanner ပါဝင်ပါတယ်။ အရှေ့ဘက်မှာတော့ 8MP selfie ကင်မရာတစ်လုံး တပ်ဆင်ထားပါတယ်။ အရောင်ကတော့ အနက်ရောင်နဲ့ အပြာရောင်အဖြစ် နှစ်မျိုး တွေ့ရှိရပါတယ်။ အခြားအသေးစိတ် အချက်အလက်တွေအပါအဝင်၊ ဖြန့်ချိမယ့်ရက်နဲ့ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။

Ref: GSM Arena