Gionee က တရုတ်မှာ K3 Pro ကို ကြေညာလိုက်ပြီး Android 9 Pie ပဲ ပါတာနဲ့ လက်ဗွေရာ ကိရိယာ နေရာချထားတာတွေက သိပ်မမိုက်ပါဘူး။ Google က လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ Android 11 ကို ဖြန့်ချိတော့မှာဖြစ်ပါတယ်။ Gionee K3 Pro မှာ အရင်နှစ်ထုတ် Android 10 တောင်မဟုတ်ဘဲ ၂၀၁၈ ထုတ် Android 9 Pie ပဲ ထည့်ထားတာက စိတ်ပျက်စရာပါ။

နောက် ၁ ခုက လက်ဗွေရာ ကိရိယာရဲ့ တည်နေရာပါ။ ကင်မရာတွေ ထည့်ထားတဲ့ လေးထောင့် အကွက်ထဲမှာ လက်ဗွေရာ ကိရိယာကို ထည့်သွင်းထားတာက Unlock လုပ်ရင် သိပ်အဆင်မပြေပါဘူး။

Gionee K3 Pro မှာ MediaTek Helio P60 Chipset ထည့်သွင်းထားပြီး 6 or 8GB RAM နဲ့ 128GB Storage ပါလာပါတယ်။ microSD Card လည်း စိုက်နိုင်တဲ့အတွက် ဒေတာတွေ အများကြီး သိမ်းလို့ရပါတယ်။ ၆.၅၃ လက်မ HD+ 720x1600p IPS မျက်နှာပြင် တပ်ဆင်ထားပြီး အရွယ်သေး Notch မှာ 13MP ဆဲလ်ဖီး ကင်မရာ ထည့်ထားပါတယ်။ အနောက်ဘက်မှာ 16MP Main နဲ့ အပို ကင်မရာ ၂ လုံး ထည့်သွင်းထားပါတယ်။ အပို ကင်မရာတွေရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပေမယ့် ၁ လုံးက Depth ကင်မရာ ဖြစ်နိုင်ပါတယ်။

Gionee K3 Pro မှာ 10W Charging ပါတဲ့ 4000mAh ဘက်ထရီ တပ်ဆင်ထားပြီး အရွယ်အစား အပြည့်အစုံဟာ 164.3 x 77.6 x 9.7 mm နဲ့ အလေးချိန်ဟာ ၂၀၅ ဂရမ် ရှိပါတယ်။ 6GB RAM Version ကို ၆၉၉ ယွမ်နဲ့ 8GB RAM Version ကို ၈၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်း ၄ သောင်းနဲ့ ၁ သိန်း ၈ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ Jade Green နဲ့ Pearl White ၂ ရောင် ထုတ်လုပ်ထားပါတယ်။

Ref : gsmarena