ပြီးခဲ့တဲ့ လက 10,000mAh ဘက်ထရီ ပါတဲ့ Gionee စမတ်ဖုန်း ၁ လုံးကို မှတ်ပုံတင်ခဲ့ပြီး အခုတော့ တရားဝင် ကြေညာလိုက်ပါပြီ။ Gionee M30 လို့ နာမည်ပေးထားပြီး 25W Fast Charging ပါတဲ့ အရွယ်ကြီး 10,000mAh ဘက်ထရီက အလန်းဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ အလူမီနီယမ် ဖရိမ်ပါတဲ့ ဒီဇိုင်းက အရမ်းလှပထူးခြားပြီး ဘက်ထရီ အရွယ်အစား အရမ်းကြီးမားတဲ့အတွက်တော့ ဖုန်းက တော်တော်ထူပါတယ်။ အလေးချိန်ကလည်း စီးပြီး ၃၀၅ ဂရမ်တောင် ရှိပါတယ်။

Gionee M30 မှာ ၆ လက်မ IPS LCD HD+ မျက်နှာပြင် ပါလာပြီး အနောက်ဘက်ကို သားရေလို ဒီဇိုင်း ဖန်တီးထားတာက ခန့်ညားလှပပါတယ်။ အနောက်ဘက်မှာ 16MP ကင်မရာ ၁ လုံးနဲ့ လက်ဗွေရာ ကိရိယာ ထည့်ထားပြီး အရှေ့ဘက် ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။ MediaTek Helio P60 Chipset ၊ 8GB RAM နဲ့ 128GB Storage ပါလာပြီး microSD Card စိုက်နိုင်ပါတယ်။

M30 ရဲ့ 10,000mAh ဘက်ထရီက‌နေ USB ကြိုးနဲ့ တခြား စမတ်ဖုန်း၊ တက်ဘလက်တွေကို အားသွင်းပေးနိုင်တဲ့ လုပ်ဆောင်ချက်က မိုက်ပါတယ်။ စတီရီယို စပီကာ ၂ လုံး၊ နားကြပ်ပေါက်နဲ့ Dual SIM စွမ်းရည်တွေ ထည့်သွင်းထားပါတယ်။ တရုတ်မှာ ၁,၃၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၇ သောင်းလောက် ကျသင့်ပါတယ်။ ဒီလ ၃၁ ရက်နေ့မှာ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။

Ref : gsmarena