နောက်ဆုံးရရှိခဲ့တဲ့ အချက်အလက်တွေအရ ဂလိုဘယ်ဈေးကွက်မှာ အခုနှစ် ဖေဖော်ဝါရီလအတွက် စမတ်ဖုန်းရောင်းအား ၁၄% ထိ လျော့ကျခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားတိုက်ခိုက်မှုကြောင့် အရင်နှစ်ဖေဖော်ဝါရီလရောင်းအားထက် ၁၄% ကျဆင်းခဲ့တာဖြစ်ပါတယ်။

သိသာစွာကျဆင်းခဲ့တဲ့ဈေးကွက်အတွက် ထင်ရှားတဲ့အကြောင်းရင်းကတော့ နိုင်ငံတကာဈေးကွက်အများအပြားမှာ ဒီရောဂါကပ်ဘေးကြောင့် အခက်တွေ့ခဲ့ရတာဖြစ်ကြောင်းကိုလည်း သုတေသနစီရင်ခံချက်ထုတ်ပြန်တဲ့ Counterpoint က မှတ်ချက်ပေးထားပါတယ်။

ဖေဖော်ဝါရီလအတွင်းမှာ Samsung ကတော့ ဈေးကွက်ရဲ့ ၂၁.၉% ကိုပိုင်ဆိုင်ထားပြီး ကမ္ဘာ့နံပါတ်တစ် စမတ်ဖုန်းရောင်းချသူအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ ဒုတိယနေရာမှာ Apple ကုမ္ပဏီက ၁၄.၅% နဲ့ ရှိနေပြီး Huawei ကတော့ ၁၃.၂% နဲ့ တတိယနေရာမှာဖြစ်ပါတယ်။

အရင်လနဲ့ယှဉ်ရင် Huawei ဟာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ ရောင်းအား ၁% ကျဆင်းခဲ့ပေမယ့် Counterpoint ကတော့ တရုတ်အခြေစိုက်ကုမ္ပဏီဟာ သူတို့မျှော်မှန်းထားတာထက် ပိုစွမ်းဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Huawei ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံရဲ့ ထုတ်လုပ်မှုအားလျော့ကျခြင်းနဲ့ ဈေးကွက်တွေမှာပါ စမတ်ဖုန်းလိုအပ်ချက် ကျဆင်းခြင်းတို့ ကြုံတွေ့ခဲ့ရပေမယ့် ဖေဖော်ဝါရီလအတွင်းမှာ စမတ်ဖုန်း ၁၂ သန်းကျော်ရောင်းချနိုင်ခဲ့တယ်လို့ဆိုပါတယ်။

စတုတ္ထနေရာမှာတော့ Xiaomi က ၉.၂% နဲ့ရပ်တည်နေပြီး သူ့အောက်မှာ Oppo, Vivo နဲ့ Realme တို့က အစဉ်လိုက်ရပ်တည်နေပါတယ်။ ဒီနာမည်ကြီးထုတ်လုပ်သူ ၇ ဦးထဲမှာမပါတဲ့ အခြားအမှတ်တံဆိပ်တွေရောင်းအားဟာ စုစုပေါင်း ၂၄.၃% ရှိသေးတဲ့အတွက် စမတ်ဖုန်းဈေးကွက်ဟာ ပြိုင်ဆိုင်မှုအားကောင်းနေဆဲလို့ ဆိုရမှာပါ။

Ref – Playfuldroid