လွန်ခဲ့တဲ့နှစ်တွေတုန်းက ဖျားနာခဲ့တဲ့ကမ္ဘာကြီးဟာ ၂၀၂၂ ခုနှစ်မှာတော့ ပြန်ပြီးနာလန်ထူလာပြီလို့ ဆိုရပါလိမ့်မယ်။ ရပ်ဝန်းအသီးသီးမှာ ပုံမှန်လည်ပတ်ဖို့အရှိန်ယူနေကြတာဖြစ်ပြီး ဒီအထဲမှာ Smartwatch ရပ်ဝန်းလည်း ပါဝင်နေပါတယ်။ Canalys ရဲ့ အချက်အလက်တွေအရ ၂၀၂၂ ခုနှစ် ပထမသုံးလပတ်အတွင်း ကမ္ဘာတစ်ဝန်း Smartbands နဲ့ Smartwatch စုစုပေါင်း ၄၁.၇ သန်း တင်ပို့ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

ဒီလိုတင်ပို့ရောင်းချခဲ့ရသမျှထဲက ၃၂ သန်းဟာ Smartwatch တွေဖြစ်ကြပြီး လွန်ခဲ့တဲ့နှစ်အလားတူကာလနဲ့နှိုင်းယှဉ်ရင် ၁၅% တိုးတက်လာတာလည်း တွေ့ရပါတယ်။ အခြားတစ်ဘက်မှာတော့ Smartbands တွေရဲ့ တင်ပို့ရောင်းချမှုဟာ သုံးလပတ်အတွင်း ၃၇% ကျဆင်းသွားတာကို တွေ့ခဲ့ရပါတယ်။ ဒါဟာ ၂၀၂၀ ပြည့်နှစ် စတုတ္ထသုံးလပတ်ကစပြီး ခြောက်ကြိမ်မြောက် ဆက်တိုက်ကျဆင်းမှုဖြစ်လာတာလည်း ဖြစ်ပါတယ်။

Apple ဟာ ၂၀၂၂ ခုနှစ် ပထမသုံးလပတ်မှာ Smartwatch အများဆုံး တင်ပို့ရောင်းချခဲ့တာဖြစ်ပြီး စုစုပေါင်းအလုံးရေ ၉.၂ သန်းအထိ ရှိခဲ့ပါတယ်။ Apple Watch Series 7 အတွက် ဝယ်လိုအားပြင်းထန်းတာကြောင့် Cupertino ဟာ ကမ္ဘာ့ဈေးကွက်ဝေစုရဲ့ ၂၂.၁% ကို ရရှိခဲ့ပါတယ်။ Huawei ကတော့ တင်ပို့ရောင်းချမှု ၄.၆ သန်းနဲ့အတူ ဈေးကွက်ဝေစု ၁၁% ကို ရယူခဲ့ပါတယ်။

Xiaomi ဟာ ၄.၂ သန်း တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစု ၁၀.၁% ကို ရယူနိုင်တာကြောင့် တတိယနေရာမှာ ရှိနေခဲ့ပါတယ်။ Samsung ကတော့ ၃.၄ သန်းပဲ တင်ပို့ရောင်းချနိုင်ခဲ့တာကြောင့် ဈေးကွက်ဝေစုရဲ့ ၈.၁% ကိုပဲရယူနိုင်ပြီး စတုတ္ထနေရာကို ရောက်ရှိခဲ့ပါတယ်။ Fitbit က ၂.၉ သန်း တင်ပို့ရောင်းချနိုင်ခဲ့တဲ့အတွက် ဈေးကွက်ဝေစု ၇% နဲ့အတူ ထိပ်ဆုံး ၅ နေရာကို ဝင်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Smartwatch ဝယ်လိုအားဟာ သုံးစွဲသူတွေအတွက် သူတို့ရဲ့ ကျန်းမာရေးနဲ့ လုပ်ဆောင်ချက်ဆိုင်ရာ ခြေရာခံခြင်းအကျိုးကျေးဇူးတွေကို ရရှိနိုင်တယ်လို့ဆိုပေမဲ့ တစ်ဘက်မှာလည်း ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်လာခြင်းက စားသုံးသူအသုံးစရိတ် လျော့ကျစေမယ်လို့ မျှော်လင့်ရပါတယ်။ ဒီသက်ရောက်မှုဟာ Xiaomi နဲ့ Fitbit တို့လို အမှတ်တံဆိပ်တွေမှာ ပြင်းထန်စွာသက်ရောက်ခဲ့တာကို တွေ့မြင်ရကြောင်း Canalys က လေ့လာသူတွေက ခန့်မှန်းကြပါတယ်။

Ref: GSM Arena