ပြီးခဲ့တဲ့လပိုင်းတုန်းက စတင်ပြီး OpenAI ကုမ္ပဏီကနေ ထုတ်လုပ်ထားတဲ့ ChatGPT အမည်ရ AI ဟာ အလွန်ခေတ်စားနေပါတယ်။ အဆိုပါ ChatGPT AI ဟာ အလွန်စွမ်းဆောင်ရည်မြင့်မားပြီး Coding ပိုင်းတွေ၊ တခြားသော Email နဲ့ Productivity ပိုင်းတွေမှာပါ အသုံးချနေပြီဖြစ်ပါတယ်။

အခုလည်း အဆိုပါ ChatGPT နဲ့ ယှဥ်ပြိုင်နိုင်ဖို့အတွက် Google ကနေ Bard လို့ အမည်ပေးထားတဲ့ AI ကို မိတ်ဆက်လိုက်ပါပြီ။ Bard AI ဟာ OpenAI ရဲ့ ChatGPT နဲ့ တိုက်ရိုက်ယှဥ်ပြိုင်မှာဖြစ်ပြီး Google ရဲ့ ကိုယ်ပိုင် Language Model for Dialogue Applications (LaMDA) ကို အခြေခံတည်ဆောက်ထားတယ်လို့ သိရပါတယ်။

Google ရဲ့ ပြောကြားချက်အရ Bard AI နည်းပညာကို လောလောဆယ်မှာ စိတ်ချရတဲ့ဦးဆုံးစမ်းသပ်သူတွေကို အရင် အသုံးပြုစေမှာဖြစ်ပြီး နောက်ပိုင်းမှာ လူတိုင်းအသုံးပြုနိုင်အောင် ချပြသွားမှာဖြစ်ပါတယ်။ Google ရဲ့ CEO ဖြစ်တဲ့ Sunder Pichai ကတော့ ပုံမှန် Google Search မှာ ရှာဖွေမှုတွေမှာပါ ပိုပြီးနားလည်လွယ်ကူအောင် ရှင်းပြထားတဲ့ AI-powered Feature တွေကို စတင်မြင်တွေ့လာရမှာဖြစ်တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ChatGPT လိုမျိုး လူတွေကို လွယ်ကူစွာအသုံးပြုခွင့်မပေးနိုင်သေးတဲ့အပေါ်ကို Google ရဲ့ AI Chief အဖြစ်တာဝန်ယူထားတဲ့ Jeff Dean က “AI ဟာ မှားယွင်းတဲ့သတင်းအချက်အလက်တွေကို ဖော်ပြနိုင်တာကြောင့် ကုမ္ပဏီရဲ့ နာမည်ကိုထိခိုက်နိုင်ပြီး ဒါကြောင့် လူတိုင်းအတွက် မထုတ်ပေးခင်မှာ သတိကြီးစွာထားနေရတယ်” ဆိုပြီး ဖြေရှင်းခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Google ကပါ လူတိုင်းအသုံးပြုနိုင်မယ့် Bard AI ကို ချပြလိုက်တာကြောင့် တကယ်ကို ၂၀၂၃ ဟာ AI ရဲ့ နှစ်လို့ပြောရမှာပါ။

Ref – Gizmo China