Google ရဲ့ Pixel A Series စမတ်ဖုန်းတွေဟာ စွမ်းဆောင်ရည်ပိုင်းထက် စျေးသက်သာဖို့ကို ရည်ရွယ်တဲ့ Mid Range ဖုန်းတွေဖြစ်ပါတယ်။ အခုအချိန်မှာတော့ သတင်းတွေပေါက်ကြားထားသလိုပဲ Google Pixel 5a 5G စမတ်ဖုန်းအသစ်ကို Google ကနေ တရားဝင် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

Google Pixel 5a 5G ဟာ ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် မနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Pixel 4a 5G နဲ့ အလွန်ဆင်တူပြီးတော့ Qualcomm Snapdragon 765G Chipset ၊ RAM 6GB နဲ့ 128GB Storage တွေကိုပဲ သုံးစွဲထားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းမှာလည်း အတူတူပဲဖြစ်ပါတယ်။

Display ပိုင်းမှာဆိုရင်တော့ Pixel 4a 5G ထက် အနည်းငယ်ပိုကြီးတဲ့ 6.3″ OLED 60Hz Display ကိုပဲ သုံးစွဲထားပြီး 8MP Punch-hole Selfie Camera ကိုပဲ ဆက်လက်အသုံးပြုထားတာဖြစ်ပါတယ်။ နောက်ဖက် Camera Setup ပိုင်းမှာလည်း Pixel 4a 5G အတိုင်းပဲ 12MP Primary Sensor နဲ့ 16MP Ultrawide Sensor တွေကို ထည့်သွင်းပေးထားပါတယ်။

အဓိက Pixel 5a 5G ဖုန်းရဲ့ အားသာချက်တွေကတော့ ကိုယ်ထည်ပိုင်းမှာ ယခင် Pixel A Series ဖုန်းတွေလိုမျိုး Polycarbonate Body အစား Aluminum Unibody Design ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Pixel A Series ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ IP67 Dust & Water Resistant Feature ပါဝင်လာတာပဲဖြစ်ပါတယ်။

Battery ပိုင်းမှာဆိုရင်လည်း Pixel ဖုန်းတွေထဲမှာ Battery Capacity အများဆုံးဖြစ်လာတဲ့ 4680mAh ကို အသုံးပြုပေးထားပါတယ်။ ဒါပေမယ့် Charging ပိုင်းမှာတော့ 18W Fast Charging ကိုပဲ ဆက်လက် Support ပြုလုပ်ဦးမှာဖြစ်ပါတယ်။ နောက်ဆုံး ပြောင်းလဲမှုအနေနဲ့ကတော့ အစိမ်းရောင်ဘက်ကို အနည်းငယ်သမ်းနေတဲ့ “Mostly Black” အရောင် တစ်မျိုးထဲပဲ ထွက်ရှိလာတာဖြစ်ပါတယ်။ Pixel 4a 5G အတိုင်းပဲ နောက်ကျောဘက်မှာ Fingerprint Sensor ကို ထည့်သွင်းပေးထားပါတယ်။

Google Pixel 5a 5G ဟာ Design ပိုင်းအရရော၊ တခြားစွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာအဆင်မြှင့်တင်ထားခြင်းမရှိပေမယ့် ရောင်းချတဲ့စျေးနှုန်းအနေနဲ့ ယခင် Pixel 4a 5G ထက် $50 သက်သာတဲ့ $449 (မြန်မာငွေ ၇ သိန်းခွဲ ဝန်းကျင်) နဲ့ လာမယ့် သြဂုတ်လ ၂၆ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ လောလောဆယ်မှာ US နဲ့ Japan မှာပဲ ဝယ်ယူနိုင်ဦးမှာဖြစ်ပြီး နောက်ပိုင်းမှ တခြားသော နိုင်ငံတွေမှာ ဝယ်ယူနိုင်ဖွယ်ရှိပါတယ်။

Ref – GSM Arena