Google ကနေ ယခင်တုန်းက Smart Glasses ဖြစ်တဲ့ Google Glasses ကို မိတ်ဆက်ခဲ့ဖူးပေမယ့် စျေးကွက်အတွင်းမှာအောင်မြင်မှုမရရှိခဲ့တဲ့အတွက် နောက်ပိုင်းမှာ လုံးဝကို ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ရပါတယ်။ အခုလည်း Apple ကနေ ယခုနှစ်ကုန်ပိုင်းမှာ AR Glasses အသစ်ကို မိတ်ဆက်ဖို့သတင်းတွေထွက်ပေါ်နေပြီး Google ကလည်း AR Glasses ဘက်ကိုပြန်ပြီး အားထုတ်တော့မယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် လက်ရှိ Augmented Reality (AR) Glasses တွေကို ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ North ကို Google ကနေ ဝယ်ယူလိုက်ပြီလို့ တရားဝင်ထုတ်ပြန်ခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ငွေကြေးဘယ်လောက်နဲ့ဝယ်ယူလိုက်တယ်ဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

North ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတုန်းက Focals 1.0 နာမည်နဲ့ AR Glasses ကို ဒေါ်လာ ၁,၀၀၀ နဲ့မိတ်ဆက်ခဲ့ပြီး လပိုင်းအတွင်းမှာ စျေးကိုထက်ဝက်လျော့ချပြီး ရောင်းချနေခဲ့တာဖြစ်ပါတယ်။ အဆိုပါ Focals 1.0 မှာ တပ်ဆင်သူတစ်ဦးထဲကပဲမြင်ရမယ့် ရုပ်ပုံတွေကို ဖော်ပြပေးနိုင်တဲ့ Laser Projecter အသေးလေးတစ်ခုထည့်သွင်းထားတာဖြစ်ပြီး Bluetooth ကနေတစ်ဆင့် ဖုန်းနဲ့ချိတ်ဆက်ပြီး Notification ၊ Maps Direction နဲ့ Uber လိုမျိုး အဌားယာဥ်တွေကို ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက North ကနေ အဆိုပါ Focals 1.0 ကို ဆက်လက်ထုတ်လုပ်မှာမဟုတ်တော့ဘဲ Second Generation ကို မိတ်ဆက်ဖို့စီစဥ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် Second Generation မထွက်ရှိခင် Google ကနေ ဝယ်ယူလိုက်တဲ့အတွက် ထွက်ရှိလာဖို့မရှိတော့ဘူးလို့ ပြောရမှာပါ။ လက်ရှိရောင်းချပြီးဖြစ်တဲ့ Focals 1.0 AR Glasses တွေကိုလည်း အသုံးပြုလို့မရတော့အောင် ပိတ်ချပစ်သွားမယ်ဆိုပြီး ကြေညာခဲ့ပါသေးတယ်။

North ကုမ္ပဏီဟာ AR Glasses ကို ထုတ်လုပ်နိုင်တယ်ဆိုပေမယ့် စျေးကွက်အခြေအနေအရ အောင်မြင်တဲ့ကုမ္ပဏီတစ်ခုမဟုတ်သလို ပြီးခဲ့တဲ့နှစ်တုန်းကလည်း အလုပ်သမား ၁၅၀ ခန့်ကို လျော့ချခဲ့သေးတယ်လို့ သိရပါတယ်။ အခုလိုမျိုး Google ကနေ ဝယ်ယူလိုက်ပေမယ့်လည်း Google AR Glasses အနေနဲ့ ထွက်ရှိလာနိုင်မလားဆိုတာကိုလည်း အတည်ပြုခဲ့ခြင်းမရှိသေးပါဘူး။

ဘာပဲဖြစ်ဖြစ် Google ဟာ ယခင်နှစ်တုန်းက Fitness Tracker တွေထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Fitbit ကိုပါ ဝယ်ယူခဲ့သေးတဲ့အတွက် နောက်ပိုင်းမှာ Wearables Product အသစ်တွေ မိတ်ဆက်ဖို့စီစဥ်နေတယ်လို့ ခန့်မှန်းရပါတယ်။

Ref – The Verge