Google ဟာ သူ့ရဲ့ Pixel 5 ကို စက်တင်ဘာလ ၃၀ ရက်နေ့မှာ ဖြန့်ချိမယ်ဆိုတဲ့သတင်းက ပြီးခဲ့တဲ့လကတည်းက ကောလာဟလအနေနဲ့ ထွက်ပေါ်ခဲ့တာပါ။ အခုတော့ ကုမ္ပဏီက တရားဝင်အတည်ပြုပေးလိုက်ပြီဖြစ်တာကြောင့် ဒီလကုန်မှာ Pixel 5 ကို အမှန်တကယ် မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

Google ရဲ့ ဖိတ်စာအရ ကုမ္ပဏီဟာ Chromecast အသစ်နဲ့ Smart Speaker အသစ်တို့ကိုလည်း မိတ်ဆက်ဦးမှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း မီဒီယာတွေအနေနဲ့ လေ့လာဖို့ဖိတ်ခေါ်ကြောင်းကိုပါ ထည့်သွင်းရေးသားခဲ့တာ ဖြစ်ပါတယ်။ Google ဟာ Pixel 4a ဖြန့်ချိကတည်းက Pixel 5 အကြောင်းကို တရားဝင်ကြေညာခဲ့တာပါ။

Pixel 5 ဟာ 5G ကွန်ရက်နဲ့ ချိတ်ဆက်နိုင်မှာဖြစ်ပြီး ဖြန့်ချိချိန်မှာတော့ အမေရိကန်၊ ကနေဒါ၊ ယူနိုက်တက်ကင်းဒမ်း၊ အိုင်ယာလန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ ထိုင်ဝမ်နဲ့ သြစတြေးလျ ဈေးကွက်တွေမှာ ရရှိမှာဖြစ်ပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာ အချက်ကတော့ Pixel 5 ဟာ Pixel 4 ထက်ပိုပြီး ဈေးသက်သာမယ်ဆိုတာပါပဲ။ Pixel 4a တုန်းကလည်း Pixel 3a ထက်ပိုနည်းတဲ့ဈေးနှုန်းနဲ့ ဖြန့်ချိခဲ့တာကြောင့် အခုသတင်းက ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပါတယ်။

ကောလာဟလတွေထွက်ပေါ်နေတာကတော့ Pixel 5 ဟာ $649 (၈ သိန်း ၆ သောင်းဝန်းကျင်) ကနေ စတင်ရောင်းချသွားမယ်ဆိုတာပါပဲ။ ဒါဟာအမှန်ဆိုရင်တော့ Pixel 4 ထက် $150 လောက် (၂ သိန်းနီးပါး) ပိုပြီးဈေးလျော့သွားတာပဲ ဖြစ်ပါလိမ့်မယ်။ Pixel 5 ဟာ 6.01-inch 90Hz AMOLED , Qualcomm Snpadragon 765G, 8GB of RAM နဲ့ 128GB Storage, 3,800mAh ဘက်ထရီပမာဏနဲ့ ဖြစ်တယ်လို့ သိရပါတယ်။

Ref: Gizmochina