Google ကနေ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလတုန်းက Flagship ဖုန်းတွေဖြစ်တဲ့ Pixel 4 နဲ့ 4 XL ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ အခုအချိန်မှာလည်း Pixel 5 ဖုန်းကိုတောင် မမိတ်ဆက်ရသေးပေမယ့်လည်း Pixel 4 Series ဖုန်းတွေရောင်းချမှုကို တရားဝင်ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။

ယခုသတင်းကိုတော့ အစောပိုင်းတုန်းက Google Store မှာ Pixel 4 နဲ့ 4 XL ဖုန်းတွေ Out of Stock ဖြစ်နေတာကနေတစ်ဆင့် နောက်ပိုင်းမှာ Google ကနေ တရားဝင်အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ Google ရဲ့ ပြောကြားချက်အရတော့ Google Store တွေမှာပဲ ရောင်းချမှုကို ရပ်ဆိုင်းလိုက်တာဖြစ်တဲ့အတွက် ကျန်တဲ့ Retailer တွေဆီမှာတော့ Stock ကျန်ရှိတဲ့အထိ ဝယ်ယူနိုင်ဦးမှာဖြစ်တယ်လို့ သိရပါတယ်။

အခုလိုမျိုး ရောင်းအားမှုကို ရပ်ဆိုင်းလိုက်ပေမယ့်လည်း Google Pixel 4 Series ဖုန်းတွေဟာ လာမယ့် အောက်တိုဘာလ ၂၀၂၂ ခုနှစ်အထိ OS နဲ့ Security Update တွေကို ရရှိနေဦးမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Pixel 4 Series ကို အသုံးပြုနေတဲ့သူတွေအနေနဲ့ Software Update ပိုင်းမှာ စိတ်ချရဦးမှာပါ။

ပုံမှန်အားဖြင့် Google ဟာ ဖုန်းအသစ်တွေမမိတ်ဆက်ခင်မှာ ယခင် Generation ဖုန်းတွေရောင်းချမှုကို ရပ်ဆိုင်းလေ့ရှိတယ်ဆိုပေမယ့် Pixel 4 Series ဖုန်းတွေအနေနဲ့ မိတ်ဆက်ပြီး ၉ လခွဲအကြာမှာ ရောင်းချမှုကို ရပ်ဆိုင်းလိုက်တဲ့အတွက် သက်တမ်းအတိုဆုံး Pixel ဖုန်းတွေလို့တောင် ပြောနိုင်ပါတယ်။ ဖြစ်နိုင်တာကတော့ Google Pixel 4 Series ဟာ Camera ပိုင်းမှာ Ultrawide Camera ပါဝင်ခြင်းမရှိတဲ့အပြင် Battery ပိုင်း ဝေဖန်ခံရမှုတွေကြောင့် အခုလိုမျိုး အရောင်းရပ်ဆိုင်းလိုက်တာဖြစ်ဖို့များနေပါတယ်။

ဘာပဲဖြစ်ဖြစ် လာမယ့်နှစ်ကုန်ပိုင်း အောက်တိုဘာလ ၈ ရက်နေ့မှာထွက်ရှိလာနိုင်တဲ့ Google Pixel 5 ဖုန်းကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref – 9to5Google