AI လောကရဲ့ ထိပ်သီးပြိုင်ပွဲမှာ Google က ChatGPT ကို အမီလိုက်နိုင်ဖို့ လက်နက်သစ်တစ်ခု ထုတ်လိုက်ပါပြီ။ အဲဒါကတော့ Gemini မှာ ဖိုင်တွေ၊ စကားဝိုင်းတွေနဲ့ ကိုယ်ပိုင်ညွှန်ကြားချက်တွေကို ဘာသာရပ်အလိုက် သီးသန့်စီ စုစည်းထားနိုင်မယ့် “Notebooks” ဆိုတဲ့ Feature ပါပဲ။ တကယ်တော့ ဒါဟာ ၂၀၂၄ ခုနှစ်ကုန်ပိုင်းကတည်းက လူကြိုက်များခဲ့တဲ့ “ChatGPT Projects” နဲ့ ခပ်ဆင်ဆင်တူနေတာကြောင့် Google အနေနဲ့ သူများနောက်ကို အပြေးအလွှား လိုက်နေရတယ်လို့ ဆိုရမှာပါ။

ဒီ “Notebooks” ရဲ့ အားသာချက်ကတော့ AI နဲ့ စကားပြောတိုင်း အရင်အကြောင်းအရာတွေကို ခဏခဏ ပြန်ရှင်းပြနေစရာ မလိုတော့တာပါပဲ။ ဥပမာ- မားကတ်တင်းအဖွဲ့ဆိုရင် ကမ်ပိန်းအချက်အလက်တွေကို စုထားတဲ့ Notebook တစ်ခု၊ ကျောင်းသားဆိုရင်လည်း ဘာသာရပ်အလိုက် သုတေသနစာတမ်းတွေ စုထားတဲ့ Notebook တစ်ခုစီ ခွဲထားရုံပါပဲ။ အဲဒီ Notebook ထဲမှာတင် Gemini နဲ့ ဆွေးနွေးလိုက်တာနဲ့ သူက သိမ်းထားတဲ့ ဖိုင်တွေအားလုံးကို အလိုအလျောက် နားလည်ပြီးသား ဖြစ်နေမှာပါ။

ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းတာက Google ရဲ့ ဒီခြေလှမ်းဟာ ဆန်းသစ်တီထွင်မှုထက် ရှိပြီးသားကို အတုယူတဲ့ (Fast Follower) ပုံစံမျိုး ဖြစ်နေတာပါ။ OpenAI က ဒီလိုစနစ်မျိုးကို လွန်ခဲ့တဲ့ ၁၆ လကတည်းက လုပ်ခဲ့တာဖြစ်လို့ Google က ၁ နှစ်ကျော် နောက်ကျနေတာပါ။ ဒါပေမဲ့ Google မှာ အချက်တစ်ချက် အားသာနေတာက Gmail, Docs နဲ့ Drive တို့လို လူသုံးများတဲ့ ဝန်ဆောင်မှုတွေနဲ့ ဒီ Notebook တွေကို ချိတ်ဆက်ပေးနိုင်မယ့် အလားအလာရှိနေတာပဲ ဖြစ်ပါတယ်။
Gemini အသုံးပြုသူတွေအတွက်တော့ ဒါဟာ အလုပ်ကို ပိုပြီး စနစ်ကျစေမယ့် သတင်းကောင်းပါပဲ။ ဒီ Feature ကို လာမယ့်ရက်သတ္တပတ်တွေအတွင်း စတင်အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ Google အနေနဲ့ သူများနောက်ကနေ အပြေးလိုက်နေရပေမဲ့ သူတို့မှာရှိတဲ့ ကျယ်ပြန့်တဲ့ Ecosystem အားသာချက်ကို သုံးပြီး အသုံးပြုသူတွေကို ဘယ်လောက်အထိ ဆွဲဆောင်နိုင်မလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။
Ref : techbuzz