Google က လူတစ်ယောက်လို စကားပြောနိုင်တဲ့ Gemini Live ကို Gemini Advanced Subscriber တွေအတွက် Android ဖုန်းတွေမှာ ထည့်သွင်းပေးလိုက်ပါတယ်။ အဲဒါဟာ Google Assistant နဲ့ အခြေခံအားဖြင့် တူညီပေမယ့် AI စွမ်းရည်တွေ ပါပါတယ်။

Gemini Live ဟာ လူတစ်ယောက်လို သိနားလည်ပါတယ်။ သူနဲ့ စကားပြောတာကို ခဏရပ်ထားပြီး ခဏကြာမှ အဲဒီ အကြောင်းအရာကို ပြန်လည် ပြောနိုင်ပါတယ်။ Hands-free အသုံးပြုနိုင်ပြီး Gemini App ဟာ Background မှာ ရှိနေချိန်မှာ စကားပြောနိုင်ပါတယ်။ ဖုန်းကို Lock ချထားရင်လည်း စကားပြောနိုင်ပါတယ်။ Gemini Live မှာ စကားသံ အသစ် ၁၀ မျိုး ပါလာပါတယ်။

လာမယ့် ရက်သတ္တပတ်တွေအတွင်း Google ဟာ Gemini အတွက် Extension အသစ်တွေကို ဖြန့်ချိမှာပါ။ အဲဒီအတွက် Gemini ဟာ Keep, Tasks, Utilities တို့လို App တွေနဲ့ အလုပ်လုပ်နိုင်မှာပါ။ YouTube Music မှာလည်း Feature အသစ်တွေ ထည့်သွင်းပေးမှာပါ။ အဲဒီနောက်မှာ Calendar Extension ကို ထုတ်ပေးမှာဖြစ်ပြီး ဥပမာ အနေနဲ့ ကပွဲ ကြော်ငြာကို ဓါတ်ပုံရိုက်ပြီး အဲဒီနေ့မှာ အလုပ်အားသလားလို့ Gemini ကို မေးနိုင်ပါတယ်။ လက်မှတ် ဝယ်ဖို့အတွက် Reminder တွေ သတ်မှတ်နိုင်ပါတယ်။

Android မှာ သင်ဟာ Google Assistant ကို Gemini နဲ့ အစားထိုးပြီးပြီဆိုရင် “Hey Google” လို့ ပြောကာ Gemini ကို  ဆင့်ခေါ်နိုင်ပါတယ်။ YouTube မှာ “Ask about this video” ကို နှိပ်ပြီး သင်ကြည့်နေတဲ့ Video အကြောင်း မေးနိုင်ပါတယ်။ Gemini ဟာ သူ ဖန်တီးထားတဲ့ ဓါတ်ပုံတွေကို Gmail နဲ့ Google Messages မှာ ထည့်သွင်းပေးနိုင်ပါတယ်။

Ref : gsmarena