Apple နဲ့ Google တို့ဟာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းတုန်းက ရုရှားရဲ့တောင်းဆိုချက်ကို လိုက်လျောခဲ့တာကြောင့် အငြင်းပွားဖွယ်ရာပြဿနာထဲကို ရောက်ခဲ့ရဖူးပါတယ်။ အဲဒါကတော့ ၂၀၁၄ ခုနှစ်တုန်းက ရုရှားက တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ခရိုင်းမီးယားကို ရုရှားပိုင်နက်ထဲမှာ ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။

အခုအချိန်မှာ Apple နဲ့ Google Maps Application နှစ်ခုစလုံးမှာ ခရိုင်းမီးယားကို ရုရှားရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဖော်ပြထားပေမယ့် ကြည့်ရှုသူရဲ့တည်နေရာပေါ်မူတည်ပြီး ကွဲပြားခြားနားမှုတွေ ရှိနေပါတယ်။ ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စုကနေပြီး မြေပုံကိုကြည့်မယ်ဆိုရင် ခရိုင်းမီးယားဟာ ရုရှားလည်းမဟုတ်သလို ယူကရိန်းလည်းမဟုတ်ဘူးလို့ App နှစ်ခုလုံးမှာ ဖော်ပြနေတာမျိုး ဖြစ်ပါတယ်။

ဒါပေမယ့် ရုရှားနိုင်ငံကနေပြီး မြေပုံကိုကြည့်မယ်ဆိုရင်တော့ ခရိုင်းမီးယားဟာ ရုရှားနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပြသပေးမှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်တာဟာ App နှစ်ခုစလုံးအနေနဲ့ ရုရှားနိုင်ငံရဲ့ ပြဋ္ဌာန်းဥပဒေနဲ့အညီ ဆက်ပြီးတည်ရှိနေဖို့ ဖြစ်တယ်လို့ သိရပါတယ်။

Google အနေနဲ့ မြေပုံတွေကိုဖော်ပြရာမှာ နိုင်ငံရေးပြဿနာတွေအပေါ်ပါ အလေးအနက်ထားကိုင်တွယ်ဖို့ “အငြင်းပွားဖွယ်ရာဒေသများအဖွဲ့” ကို သီးသန့်ဖွဲ့စည်းထားခဲ့တယ်လို့ Washington Post ရဲ့ ဆောင်းပါးကို ကိုးကားပြီး CNet ကလည်း ဖော်ပြခဲ့ပါတယ်။ ဒီအဖွဲ့ဟာ မြေပုံမှာပြသမယ့် နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အဓိကထား ကိုင်တွယ်ရတာ ဖြစ်ပါတယ်။

Google Maps ရဲ့ ထုတ်ကုန်စီမံခန့်ခွဲမှု ဒါရိုက်တာ Ethan Russell ကတော့ သူ့အဖွဲ့ရဲ့ အခန်းကဏ္ဍကို ရှင်းပြခဲ့သလို၊ ကုမ္ပဏီအနေနဲ့ ဒီလိုမျိုး အကဲဆတ်တဲ့ကိစ္စရပ်တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့ရတယ်ဆိုတာကိုလည်း ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့အနေနဲ့ အငြင်းပွားဖွယ်ရာနယ်မြေဒေသတွေ၊ နယ်နိမိတ်ကန့်သတ်မျဉ်းတွေနဲ့ပတ်သက်ရင် ဘက်မလိုက်ဘဲ နေဖို့အားထုတ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ မြေပုံမှာကြည့်လိုက်ရင် ဒီလိုမျိးဒေသတွေကိုဖော်ပြတဲ့အခါမှာ နယ်နိမိတ်ကန့်သတ်မျဉ်းတွေကို မီးခိုးရောင်တွေနဲ့ ဖော်ပြထားတာကို မြင်တွေ့နိုင်ပါတယ်” လို့ Ethan က ပြောပါတယ်။
“အဲဒီနိုင်ငံရဲ့ ဒေသတွင်း Google Maps ဗားရှင်းမှာဆိုရင်တော့၊ သူတို့ရဲ့ ဒေသဆိုင်ရာဥပဒေကိုလိုက်နာပြီး နယ်နမိတ်နဲ့ အမည်နာမတွေကို ဖော်ပြပေးပါတယ်” လို့လည်း Ethan က ပြောခဲ့ပါသေးတယ်။

နောက်ထပ်ဥပမာကိုပြရမယ်ဆိုရင်တော့ အိန္ဒိယနဲ့ ပါကစ္စတန်ကြားမှာ ဆယ်စုနှစ် လေးခုနီးပါး အငြင်းပွားမှုဖြစ်နေတဲ့ ကက်ရှ်မီးယားဒေသကို ဖော်ပြရာမှာ ပါကစ္စတန်နဲ့ အခြားနိုင်ငံက အသုံးပြုသူတွေအနေနဲ့ နယ်နိမိတ်ကန့်သတ်မျဉ်းကို အစက်အပြောက်တွေနဲ့မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါဟာ ပိုင်ဆိုင်မှုအငြင်းပွားခြင်းပြဿနာ ဖြစ်ပေါ်နေတဲ့ နယ်မြေဖြစ်တာကို ဖော်ပြနေတာပါ။

အိန္ဒိယနိုင်ငံတွင်းကနေပြီး Google Maps ကြည့်မယ်ဆိုရင်တော့ ကက်ရှ်မီးယားဟာ အိန္ဒိယနိုင်ငံရဲ့ နယ်နိမိတ်ထဲမှာ ရှိနေတာကိုတွေ့ရမှာပါ။ နယ်နိမိတ်ကန့်သတ်မျဉ်းကိုလည်း တစ်ဆက်တည်းသာ မြင်တွေ့ရပါလိမ့်မယ်။ ဂျပန်နဲ့ တောင်ကိုရီးယားကို ခွဲခြားထားတဲ့ ဂျပန်ပင်လယ်မှာလည်း ဖြစ်ရပ်မျိုး ရှိပါတယ်။ တောင်ကိုရီးယားကလူတွေအနေနဲ့ သူတို့ရဲ့ Maps App မှာ အရှေ့ပင်လယ်အဖြစ် မြင်တွေ့ရမှာဖြစ်ပြီး၊ ကျန်တဲ့တစ်ကမ္ဘာလုံးကတော့တော့ ဂျပန်ပင်လယ်အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Ref: Phone Arena