လမ်းပြမြေပုံတွေထဲမှာ နာမည်အကြီးဆုံးဖြစ်တဲ့ Google ဟာ ကြာသပတေးနေ့ မှာ Google Maps ကို အကြီးစား အဆင့်မြှင့်တင်လိုက်ပါတယ်။ ဒီတစ်ခါမှာတော့ ဉာဏ်ရည်တု Gemini နည်းပညာကို အသုံးပြုထားတဲ့ Ask Maps လုပ်ဆောင်ချက်အပြင် 3D မြင်ကွင်းတွေ၊ အသေးစိတ် လမ်းအချက်အလက်တွေနဲ့ သဘာဝကျတဲ့ အသံလမ်းညွှန်တွေ ပါဝင်တဲ့ Immersive Navigation ကိုပါ အသစ်ထည့်သွင်းပေးလိုက်တာပါ။ ဒီပြောင်းလဲမှုတွေက သုံးစွဲသူတွေရဲ့ ခရီးသွားလာမှု အတွေ့အကြုံကို သိသိသာသာ ပြောင်းလဲပေးသွားမှာ ဖြစ်ပါတယ်။

အသစ်ပါဝင်လာတဲ့ Ask Maps ကတော့ သင့်ရဲ့ ကိုယ်ပိုင် လက်ထောက်တစ်ဦးလိုပါပဲ။ လူတွေ ပြောဆိုနေကျ စကားလုံးတွေအတိုင်း ရှုပ်ထွေးတဲ့ မေးခွန်းတွေကို မေးမြန်းနိုင်ပြီး ခရီးစဉ်တွေကို စိတ်ကြိုက် စီစဉ်နိုင်ပါတယ်။ ပိုပြီး အံ့ဩစရာကောင်းတာက သုံးစွဲသူတွေ အရင်က ရှာဖွေထားတဲ့ နေရာတွေနဲ့ အချက်အလက်တွေပေါ် မူတည်ပြီး သင် အကြိုက်တွေ့နိုင်မယ့် အဖြေတွေကိုပါ စိတ်ကြိုက် ရှာဖွေပေးနိုင်တာပါ။ လက်ရှိမှာတော့ ဒီအမိုက်စား လုပ်ဆောင်ချက်ကို US နဲ့ India မှာရှိတဲ့ Android နဲ့ iOS သုံးစွဲသူတွေ စတင် သုံးနိုင်ပြီ ဖြစ်ပါတယ်။

Immersive Navigation ကလည်း တကယ့်ကို ဆန်းသစ်ပါတယ်။ အနီးနားက အဆောက်အအုံတွေနဲ့ မြေပြင်အနေအထားတွေကို 3D ပုံစံ အသက်ဝင်ဝင် မြင်တွေ့ရမယ့်အပြင် ယာဉ်ကြော၊ လူကူးမျဉ်းကျားနဲ့ မီးပွိုင့်တွေလို အသေးစိတ် အချက်အလက်တွေကိုပါ ကွင်းကွင်းကွက်ကွက် ဖော်ပြပေးမှာပါ။ ဒါ့အပြင် ယာဉ်မောင်းတွေ အကွေ့အကောက်တွေမှာ ကြိုတင်ပြင်ဆင်နိုင်ဖို့ လမ်းကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့နိုင်တဲ့စနစ်နဲ့ လူသားဆန်ဆန် သဘာဝကျတဲ့ အသံလမ်းညွှန်မှုတွေလည်း ပါဝင်လာပါတယ်။ လမ်းပိတ်ဆို့မှုနဲ့ အခြားရွေးချယ်စရာ လမ်းကြောင်းတွေကိုလည်း Google Maps နဲ့ Waze အသိုက်အဝန်းက အချက်အလက်တွေနဲ့ ပေါင်းစပ်ပြီး အချိန်နဲ့တပြေးညီ ဖော်ပြပေးသွားဦးမှာပါ။
Google Maps ရဲ့ ဒုတိယဥက္ကဋ္ဌ Miriam Daniel က အဲဒီ Immersive Navigation ဟာ ခန့်မှန်းရခက်တဲ့ ခရီးစဉ်တွေကို လွယ်ကူသေချာစေဖို့နဲ့ လမ်းညွှန်မှု အတွေ့အကြုံ တစ်ခုလုံးကို အပြည့်အဝ အသွင်ပြောင်းပေးလိုက်တာ ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။ ဒီလုပ်ဆောင်ချက်ကို US မှာ စတင်အသုံးပြုနိုင်ပြီဖြစ်ပြီး လာမယ့်လတွေအတွင်းမှာ iOS, Android, CarPlay နဲ့ Android Auto တွေမှာပါ တဖြည်းဖြည်း တိုးချဲ့အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
Ref : Techcrunch