Google ဟာ ကိုယ်ပိုင် Google One VPN Service ကို စတင်ထည့်သွင်းနေတာ အချိန်အတော်ကြာနေပြီဖြစ်ပါတယ်။ Google One VPN Service ဟာ ယခင်တုန်းက Google One Cloud Subscription Plan ကို 2TB နဲ့အထက် ဝယ်ယူသူတွေအတွက်ပဲအသုံးပြုနိုင်ခဲ့ပေမယ့် မကြာခင်လပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ Pixel 7 Series ဖုန်းတွေမှာတော့ အခမဲ့အသုံးပြုခွင့်ပေးခဲ့တာဖြစ်ပါတယ်။

အခုလည်း Google ကနေ အဆိုပါ VPN Service ကို Mobile Device တွေတင်မဟုတ်ဘဲ Mac နဲ့ Windows PC တွေအတွက်ပါ တရားဝင်ထုတ်ပေးလိုက်ပါပြီ။​ ဒါကြောင့် Google One VPN Service ဟာ ပိုပြီး ကျယ်ပြန့်လာပြီဖြစ်ပါတယ်။

တစ်ခုရှိတာကတော့ Mac နဲ့ Windows PC တွေမှာ Google One VPN Service ကို အသုံးပြုနိုင်ဖို့အတွက် အနည်းဆုံး တစ်လကို $9.99 ပေးရမယ့် 2TB Google One Plan ကို ဝယ်ယူအသုံးပြုနေသူဖြစ်ဖို့လိုအပ်မှာပါ။ ဒါတင်မဟုတ်သေးဘဲ လောလောဆယ်မှာ Mac နဲ့ Windows PC တွေအတွက် Support ကိုတော့ US ၊​ Canada ၊​ Maxico ၊​ UK နဲ့ Europe အပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံမှာပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လိုအပ်ချက်အနေနဲ့ကတော့ အနည်းဆုံး macOS Big Sur သို့မဟုတ် Windows 10 ရှိရမှာဖြစ်ပါတယ်။

Google One VPN Service ဟာ အလွန်လွယ်ကူမြန်ဆန်တယ်ဆိုပေမယ့် တခြားသော VPN Service တွေလိုမျိုး ကိုယ်နှစ်သက်ရာ Location ကို ပြောင်းလဲရွေးချယ်နိုင်ခြင်းမရှိတာက အားနည်းချက်တစ်ခုဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် Google One Cloud Storage ကို အသုံးပြုနေပြီးသားဆိုရင်တော့ ဒီလိုမျိုး VPN ကိုပါ အသုံးပြုနိုင်တာကတော့ ပိုပြီး လွယ်ကူသွားစေမှာပါ။

Ref – Engadget