Google ဟာ Pixel 5 မှာ Flagship Chipset အစား Mid Range Qualcomm Snapdragon 765G ကိုပဲ ပြောင်းလဲအသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Mid Range ဖုန်းတွေအနေနဲ့လည်း Pixel 4a နဲ့ Pixel 4a 5G လိုမျိုး ဖုန်းတွေကိုပါ ထုတ်လုပ်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Google အနေနဲ့ Flagship အဆင့်စမတ်ဖုန်းကို ပြန်လည်ထုတ်လုပ်လာဖွယ်ရှိနေပြီးတော့ အခုအချိန်မှာလည်း စမတ်ဖုန်းဒီဇိုင်း မူပိုင်ခွင့် ၄ မျိုးကို ရယူခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မူပိုင်ခွင့်တွေကိုတော့ USPTO (United States Patents and Trademarks Office) မှာ ရယူခဲ့တာဖြစ်ပြီး Model Number D903,618 ၊ D903,619 ၊ D903,620 နဲ့ D903,622 ဆိုပြီး ၄ မျိုးက အနည်းငယ်စီကွဲပြားနေတာဖြစ်ပါတယ်။

ဒီလိုမျိုး အနည်းငယ်စီကွာခြားတယ်ဆိုပေမယ့်လည်း အဆိုပါ မူပိုင်ခွင့်တွေအကုန်လုံးမှာ Selfie Camera အတွက် Punch-hole Camera ကိုထည့်သွင်းထားခြင်းမရှိတာက တူညီနေပါတယ်။ အဲ့ဒီအတွက် Google အနေနဲ့ Under-Display Selfie Camera ကို စမ်းသပ်နေတယ်လို့ ယူဆရပါတယ်။ တစ်ချို့သော မူပိုင်ခွင့်တွေမှာတော့ Earpiece Speaker ကို Under-Display အနေနဲ့ ထည့်သွင်းထားတယ်လို့ ဖော်ပြထားပါတယ်။

ဒါတင်မဟုတ်သေးဘဲ နောက်ကျောဘက်မှာလည်း Fingerprint Sensor ကို မတွေ့ရတော့တဲ့အတွက် Google အနေနဲ့ Face Unlock ကိုပဲ ပြန်လည်ဆောင်ရွက်နေတာလား၊ ဒါမှမဟုတ် တခြားသော Android ဖုန်းတွေအတိုင်း Under-Display Fingerprint Sensor ကိုပဲ ထည့်သွင်းလာမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ကျန်တဲ့ Design ပိုင်းအနေနဲ့ကတော့ Camera Design က လက်ရှိ Pixel 4 နဲ့ Pixel 5 ဖုန်းတွေနဲ့ ဆင်တူပြီးတေ့ာ Dual Camera Setup ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ယခုမူပိုင်ခွင့်အတိုင်း Pixel ဖုန်းအသစ်တွေဖြစ်လာမယ်ဆိုတာကို အာမမခံနိုင်တဲ့အတွက် တကယ်တမ်းမှာ ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China