Google ကနေ မနှစ်တုန်းက မေလအစောပိုင်းမှာ ကျင်းပခဲ့တဲ့ Google I/O 2019 မှာ Mid Range Pixel စမတ်ဖုန်းတွေဖြစ်တဲ့ Pixel 3a နဲ့ Pixel 3a XL ဖုန်းတွေကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုနှစ်မှာလည်း Pixel 4a ကို မိတ်ဆက်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဆက်တိုက်ကို မိတ်ဆက်မယ့်အချိန်ကို ရွေ့ဆိုင်းနေတာဖြစ်ပါတယ်။

အစောပိုင်းတုန်းက Google ကနေ Pixel 4a ဖုန်းကို ယခုမေလတွင်မိတ်ဆက်ဖို့ စီစဥ်ထားပေမယ့် လာမယ့်ဇွန်လ ၃ ရက်နေ့မှာ ကျင်းပမယ့် Android 11 Beta Show Livestream Event မှာပဲ မိတ်ဆက်သွားမယ်ဆိုပြီး ရွေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။ အခုလည်း Front Page Tech ရဲ့ Jon Prosser ပြောကြားချက်အရ အဆိုပါ Pixel 4a စမတ်ဖုန်းကို လာမယ့် ဇူလိုင်လ ၁၃ ရက်နေ့အထိ ထပ်မံရွေ့ဆိုင်းလိုက်ပြီလို့ သိရပါတယ်။

Jon Prosser ရဲ့ ပြောကြားချက်အရတော့ Pixel 4a ပဲထုတ်သွားမှာဖြစ်ပြီး Pixel 4a XL ကိုတော့ ယခုနှစ်မှာ မြင်တွေ့ရမှာမဟုတ်ပါဘူး။ အရောင်တွေအနေနဲ့ Just Black နဲ့ Barely Blue ဆိုပြီး မိတ်ဆက်သွားမှာဖြစ်သလို 5G ကိုလည်း Support ပြုလုပ်မှာမဟုတ်ဘူးလို့ သိရပါတယ်။ အခုလိုမျိုး ရောင်းချမယ်အချိန်ကို နောက်ဆုတ်လိုက်တာက ထုတ်လုပ်မှုတွေအကုန်အဆင်သင့်ဖြစ်နေပေမယ့် စျေးကွက်အခြေအနေအရ အခုလိုဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် Google Pixel 4a စမတ်ဖုန်းဟာ Qualcomm Snapdragon 730 Chipset ၊ RAM 6GB နဲ့ 128GB Storage တွေပါဝင်မှာဖြစ်ပြီး 5.81 OLED Display အပြင် Punch-hole Selfie Camera ကိုပါ အသုံးပြုလာဦးမှာပါ။ Camera ပိုင်းအနေနဲ့ Google Pixel 4 မှာ အသုံးပြုထားတဲ့ 12.2MP Single Camera ကိုပဲ အသုံးပြုလာမှာဖြစ်ပြီး Selfie Camera အနေနဲ့ကတော့ 8MP ပါဝင်မယ်လို့သိရပါတယ်။ Battery ပိုင်းမှာတော့ 3080mAh Battery ပါဝင်မှာပါ။

ဘာပဲဖြစ်ဖြစ် Google Pixel 4a စမတ်ဖုန်းဟာ 128GB Storage Version ကို $349 ကနေ စတင်ရောင်းချသွားမှာဖြစ်တဲ့အတွက် စျေးနှုန်းအနေနဲ့ကတော့ Apple iPhone SE လိုဖုန်းတွေနဲ့ အဓိကယှဥ်ပြိုင်ရမှာပါ။

Ref – GSM Arena