ပြီးခဲ့တဲ့နှစ်က Google Pixel 3a နဲ့ 3a XL စမတ်ဖုန်းတွေကို မေလ ၇ ရက်နေ့တည်းက Launch လုပ်ခဲ့တာပါ။ ဒါ့ကြောင့် အခုနှစ်မှာ ပထမနှစ်ဝက်အတွင်း Pixel 4a ကို မြင်တွေ့ရဖို့ စောင့်စားခဲ့ကြပေမယ့်လည်း ကံဆိုးစွာနဲ့ COVID-19 ကပ်ဘေးကြောင့် Google I/O ပွဲကိုပါ ဖျက်သိမ်းလိုက်ရပြီး အတိုင်းအဆမရှိ နှောင့်နှေးနေခဲ့ပါတယ်။ ဧပြီလအစောပိုင်းမှာ ဒီဖုန်းရဲ့ Leak တွေ ထွက်ခဲ့ပေမယ့် နှစ်လကြာတဲ့ထိ ဘာမှမမြင်ရသေးပါဘူး။

ယနေ့မှာတော့ Google Pixel 4a ဟာ ဇူလိုင်လထဲမှာ မိတ်ဆက်ဖို့ရှိပြီး သြဂုတ်လအတွင်းမှသာ ဈေးကွက်ထဲ တင်ပို့လာနိုင်တယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ အဆိုပါ Leak သတင်းကတော့ Google ဟာ ဇူလိုင် ၁၃ ရက်မှာ မိတ်ဆက်ပွဲတစ်ခု ပြုလုပ်သွားမှာဖြစ်ပေမယ့် Pixel 4a ရဲ့ Black ဗားရှင်းဟာ အောက်တိုဘာ ၂၂ လောက်ထိ ဈေးကွက်ထဲ တင်ပို့ဦးမှာမဟုတ်သေးဘူးလို့ ဆိုထားပါတယ်။

ဒါ့အပြင် အများမျှော်လင့်နေတဲ့ Barely Blue ကာလာဗားရှင်းကိုလည်း ဆက်လက်ထုတ်လုပ်ဖို့ အစီအစဉ်မရှိတော့ဘူးလို့ ဆိုလာပါတယ်။

အောက်တိုဘာလမှ ထွက်လာမယ်ဆိုရင်တော့ Pixel 4a ရဲ့ Launch ရက်စွဲဟာ Pixel 5 ကြေညာမယ့်အချိန်နဲ့ ကပ်သွားမှာဖြစ်ပါတယ်။ Google ဟာ Pixel 4a ကို ဈေးကွက်ထဲ ပို့ဖို့ အသင့်ဖြစ်ပေမယ့် ဈေးကွက်အနေအထားကြောင့် မမြင်ရသေးတာလို့လည်း သတင်းတွေက ဆိုပါတယ်။

Pixel 4a ဟာ Snapdragon 730 ချစ်ပ်ဆက်နဲ့ 6/64GB မန်မိုရီအတွဲဖြင့် ထွက်လာမယ်လို့ ခန့်မှန်းရပါတယ်။ 5.81” OLED Display ပေါ်မှာ 8MP Punch-hole ဆဲလ်ဖီးကင်မရာတစ်လုံးပါဝင်မှာဖြစ်ပြီး 12.2MP အဓိကကင်မရာနဲ့ပါ။ ဘတ္ထရီက 3,080 mAh ဖြစ်ပြီး Active Edge Feature တော့ ပါလာမှာမဟုတ်ဘူးလို့ သိထားရပါတယ်။

Ref – GSMArena