Google ကနေ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလတုန်းက Pixel 3a စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပြီး Mid Range ဖုန်းတွေထဲမှာ ရောင်းအားအကောင်းဆုံးစမတ်ဖုန်းတစ်လုံးအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။ ယခုနှစ်မှာတော့ Google ကနေ Pixel 4a စမတ်ဖုန်းမိတ်ဆက်မယ့်အချိန်ကို ဆက်တိုက်ရွေ့ဆိုင်းနေခဲ့တာ အခုအချိန်အထိပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း နာမည်ကြီး Tipster တစ်ဦးဖြစ်တဲ့ Jon Prosser က လာမယ့် သြဂုတ်လ ၃ ရက်နေ့မှာ Google ကနေ Pixel 4a ကို တရားဝင်မိတ်ဆက်သွားဖို့ ကျိန်းသေနေပြီဆိုပြီး ပြောကြားလိုက်ပါတယ်။ Jon Prosser ဟာ ပြီးခဲ့တဲ့ Pixel 4a စမတ်ဖုန်းမိတ်ဆက်မယ့်အချိန် Delay ဖြစ်တဲ့သတင်းတွေကိုလည်း မှန်ကန်စွာခန့်မှန်းနိုင်တဲ့အတွက် အခုသတင်းဟာ သေချာသလောက်ဖြစ်နေပါပြီ။

ဒီနှစ်မှာတော့ $399 ကနေ စတင်ရောင်းချနေတဲ့ Apple iPhone SE (2020) နဲ့ OnePlus Nord လိုမျိုး စမတ်ဖုန်းတွေရှိတဲ့အတွက် Pixel 4a စမတ်ဖုန်းဟာ မနှစ်ကလောက် ရောင်းအားကောင်းဖို့ကတော့ မဖြစ်နိုင်တဲ့ပုံစံပါပဲ။ ဒါကလည်း Pixel 4a ဖုန်းက Qualcomm Snapdragon 730 Chipset ကိုပဲ အသုံးပြုလာမှာဖြစ်ပြီး 5G Support လည်းပါဝင်မှာမဟုတ်တဲ့အတွက်လို့တောင် ပြောလို့ရပါတယ်။

အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းမှာ Pixel 4a ဟာ A13 Bionic Chip ကို အသုံးပြုထားတဲ့ iPhone SE , 5G Support နဲ့အတူ Snapdragon 765G Chipset ပါဝင်တဲ့ OnePlus Nord လိုမျိုးဖုန်းတွေထက် အားနည်းနေမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ Pixel 4 မှာ အသုံးပြုထားတဲ့ 12.2MP Single Back Camera ပါဝင်မှာဖြစ်တဲ့အတွက် Flagship ဖုန်းတွေနဲ့ ယှဥ်ပြိုင်နိုင်မယ်လို့ ယူဆရပါတယ်။ ဒါတင်မဟုတ်သေးဘဲ စျေးနှုန်းအနေနဲ့လည်း $349 ကနေစတင်မှာဖြစ်တဲ့အတွက် iPhone SE နဲ့ OnePlus Nord ဖုန်းတွေထက် စျေးသက်သာဦးမှာပါ။

ကျန်တဲ့ Specification တွေအနေနဲ့ကတော့ Pixel 4a စမတ်ဖုန်းမှာ 5.81″ OLED Display ပါဝင်မှာဖြစ်ပြီး 8MP Selfie Camera ကို Punch-hole Design ပြုလုပ်ထားမှာဖြစ်ပါတယ်။ RAM 6GB နဲ့ 128GB Storage ပါဝင်မှာဖြစ်တဲ့အပြင် 3080mAh Battery ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref – Phone Arena