YouTuber JerryRigEverything ဟာ နောက်ဆုံးပေါ် စမတ်ဖုန်းတွေရဲ့ အကြမ်းခံ စွမ်းရည်ကို အမြဲ စမ်းသပ်ပေးလေ့ရှိပါတယ်။ အခုတော့ JerryRigEverything ရဲ့ ပဲ့ကိုင်ရှင် Zack ရဲ့ လက်ထဲကို Google Pixel 6 Pro ရောက်ရှိလာပါပြီ။

ကင်မရာ Visor လို့လည်း ခေါ်တဲ့ ကင်မရာ Bar ဟာ ဖုန်းအနောက်ဘက်ကနေ ၂.၅ မီလီမီတာလောက် ငေါထွက်နေပါတယ်။ ကင်မရာ Bar ရဲ့ ပြားချပ်တဲ့ ဧရိယာတွေကို ဖန်နဲ့ တည်ဆောက်ထားပြီး ထောင့်စွန်းက ကွေးညွှတ်တဲ့ ဧရိယာတွေကို ပလတ်စတစ်နဲ့ တည်ဆောက်ထားပါတယ်။

ကိုယ်ထည်ရဲ့ ဘေးဘက်၊ အောက်ခြေ၊ ခလုတ်တွေနဲ့ SIM Tray တွေကို အလူမီနီယမ်နဲ့ တည်ဆောက်ထားပေမယ့် အန်တင်နာ တည်ရှိတဲ့အတွက် ထိပ်ဘက်ကို ပလတ်စတစ်နဲ့ ဖန်တီးထားပါတယ်။ အရှေ့နဲ့ အနောက်ဘက်ကို ဖုံးအုပ်ထားတဲ့ ဖန်ကို Gorilla Glass Victus နဲ့ တည်ဆောက်ထားပြီး MoH’s Hardness Level 6 မှာ ခြစ်ရာ အနည်းငယ် ထင်တာတွေ့ရပါတယ်။ Level 7 မှာတော့ ခြစ်ရာ တော်တော် ထင်လာပါတယ်။

“Pixel Burn Test” ပြုလုပ်တဲ့အခါမှာ Pixel 6 Pro ရဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ အထက်က ဧရိယာမှာ မီးလောင်ရာ တချို့ ထင်လာပါတယ်။ Zack ရဲ့ နာမည်ကျော် Bend Test ကိုတော့ Google Pixel 6 Pro က အသာလေး ကျော်ဖြတ်သွားပါတယ်။

Google က Pixel 6 Pro ကို မကြာခင်က ကြေညာခဲ့ပြီး စွမ်းရည်မြင့် စမတ်ဖုန်း နယ်ပယ်မှာ ယှဉ်ပြိုင်ဖို့ ဖန်တီးထားပါတယ်။ ကင်မရာတွေရဲ့ စွမ်းရည်နဲ့ လုပ်ဆောင်ချက်တွေကလည်း  တော်တော် ကောင်းမွန်ပါတယ်။

Ref : gsmarena