Google ဟာ လာမယ့် မေလအတွင်းမှာ Google I/O Event ကို ကျင်းပသွားဖို့ စီစဥ်ထားပြီးဖြစ်ပါတယ်။ အဆိုပါ Google I/O Event မှာ Android 14 OS အပြင် Pixel 7a ဖုန်းကိုပါ တရားဝင်မိတ်ဆက်သွားမယ်ဆိုပြီး ခန့်မှန်းထားကြတာဖြစ်ပါတယ်။

လက်ရှိပေါက်ကြားလာတဲ့သတင်းတစ်ခုအရ Google ဟာ မကြာခင်မှာ Pixel 7a ဖုန်းတင်မဟုတ်ဘဲ ကုမ္ပဏီအတွက် ပထမဆုံး Foldable ဖုန်းကိုပါ အတူရောင်းချဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ ယခုသတင်းဟာ အရောင်းဆိုင်အချို့ကနေထွက်ပေါ်လာတာဖြစ်ပြီး လာမယ့် ဇွန်လအတွင်းမှာ Pixel 7a ဖုန်းအပြင် Pixel Fold Foldable ဖုန်းကိုပါ ရောင်းချဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ဒါကြောင့် Google ရဲ့ Foldable ဖုန်းကို Pixel Fold လို့ပဲ ခေါ်ဆိုမယ်ဆိုတာက တရားဝင်နီးပါးဖြစ်နေပြီး Performance ပိုင်းမှာ လက်ရှိ Pixel 7 Series ဖုန်းမှာ အသုံးပြုထားတဲ့ ကိုယ်ပိုင် Tensor G2 Chipset ကိုပဲ အသုံးပြုထားမှာဖြစ်ပါတယ်။ အရောင်အနေနဲ့ Carbon နဲ့ Porcelain ဆိုပြီး ၂ မျိုး မိတ်ဆက်လာမှာပါ။

Google Pixel Fold ဖုန်းဟာ Storage ပိုင်းမှာ အနိမ့်ဆုံး 256GB ပါဝင်မှာဖြစ်ပြီး 512GB Version ကိုလည်း ထုတ်ပေးသွားမယ်လို့ သိရပါတယ်။ ဇွန်လအတွင်းမှာ ရောင်းချဖို့စီစဥ်ထားတာကြောင့် Google I/O Event မှာ Pixel Fold အကြောင်းကို တရားဝင်မိတ်ဆက်သွားနိုင်ပါတယ်။

Ref – 9to5Google