တကယ့်ပိုက်ဆံနဲ့ လောင်းကစားနိုင်တယ်ဆိုတာဟာ နိုင်ငံတိုင်းမှာ တရားဝင်ခွင့်ပြုထားတာမဟုတ်ပါဘူး။ နိုင်ငံအချို့က Casino တွေတရားဝင်ဖွင့်ခွင့်ပေးထားပေမယ့်၊ အချို့ကတော့ ဖွင့်ခွင့်မပြုပါဘူး။ ဥပမာ မြန်မာနိုင်ငံဆိုရင်လည်း လောင်းကစားကို တရားဝင်ခွင့်ပြုထားတာမျိုးမရှိပါဘူး။

တကယ့်ပိုက်ဆံနဲ့ လောင်းကစားပြုလုပ်နိုင်တဲ့ App တွေကတော့ တရားဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ ရှိနေတာပါပဲ။ ဒါပေမယ့် Google Play Store ကတော့ နိုင်ငံအလိုက် တည်ဆဲဥပဒေကိုကြည့်ပြီး၊ ခွင့်ပြုသင့်၊ မပြုသင့်ဆုံးဖြတ်ပါတယ်။ ဒီလိုမျိုး လောင်းကစား App တွေကို ယူကေ၊ အိုင်ယာလန်၊ ပြင်သစ်နဲ့ ဘရာဇီး နိုင်ငံတွေမှာပဲ ခွင့်ပြုထားသေးတာ ဖြစ်ပါတယ်။

အခုတော့ Google Play Store ဟာ လာမယ့် မတ်လ ၁ ရက်နေ့ကနေစပြီး ဒီလို Real-money Gambling App တွေကို နောက်ထပ် ၁၅ နိုင်ငံမှာ ထပ်တိုးခွင့်ပြုတော့မယ်လို့ သိရပါတယ်။ ဒီနိုင်ငံတွေကတော့ သြစတေးလျ၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ကိုလံဘီယာ၊ ဒိန်းမတ်၊ ဖင်လန်၊ ဂျာမနီ၊ ဂျပန်၊ မက္ကဆီကို၊ နယူးဇီလန်၊ နော်ဝေး၊ ရိုမေးနီးယား၊ စပိန်၊ ဆွီဒင်နဲ့ အမေရိကန်တို့ပဲ ဖြစ်ပါတယ်။

Google ရဲ့ Support စာမျက်နှာက Developer Note အရ လောင်းကစားကဏ္ဍမှာ Online casino games, Lotteries, Sports betting နဲ့ Daily fantasy sports ဆိုပြီး လေးမျိုးရှိပါတယ်။ ဒီ Application အတွက် Developer တွေဟာ Special Gambling Application Form ကို ဖြည့်စွက်ရပြီး၊ သူတို့ရဲ့ App ဟာ International Age Rating Coalition (IARC) အဆင့်သတ်မှတ်ချက် ရှိရမှာဖြစ်ပြီး၊ Google ရဲ့ Developer Policy Center ရဲ့ လိုအပ်ချက်တွေနဲ့လည်း ကိုက်ညီရမှာ ဖြစ်ပါတယ်။

အသက်မပြည့်သေးတဲ့ သုံးစွဲသူတွေကို ဒီ Application တွေထဲ ဝင်ရောက်ခြင်းကို တားဆီးပိတ်ပင်ဖို့ လိုအပ်ချက်တွေလည်း ရှိပါတယ်။ အမေရိကန်မှာတော့ လောင်းကစား App တွေအတွက် ပြည်နယ်နဲ့ အမျိုးအစားအလိုက် မတူညီတဲ့ လိုအပ်ချက်တွေ ရှိပါတယ်။ နောက်ထပ်ခြွင်းချက်တစ်ခုကတော့ အသစ်ထပ်တိုးလိုက်တဲ့နိုင်ငံတွေဟာ အစိုးရကပြုလပ်တဲ့ Lottery app တွေပဲ ခွင့်ပြုတာဖြစ်ပါတယ်။

Ref: GSM Arena