Google က Android Ecosystem မှာ Fragmentation ကို လျှော့ချဖို့အတွက် Project Treble ကို ပြုလုပ်ပေးခဲ့ပါတယ်။ အစောပိုင်းမှာ ဒီစီမံကိန်းဟာ ဖုန်း ထုတ်လုပ်သူတွေ Update မြန်မြန် ထုတ်ပေးနိုင်ဖို့ အဓိက ကူညီပေးခဲ့ပါတယ်။ အခုတော့ Google ဟာ Qualcomm နဲ့ပူးပေါင်းကာ Project Treble ကို SoC Level အထိ ထောက်ပံ့ပေးမယ့် အစီအစဉ်ကို ကြေညာလိုက်ပါတယ်။

Project Treble မတိုင်ခင်က Android မှာ Fragmentation  အရမ်းဖြစ်ခဲ့တဲ့အတွက် ကုမ္ပဏီတွေဟာ Update ထုတ်ပေးဖို့ နှစ်နည်းနည်းကြာခဲ့ပါတယ်။ ဖုန်းအဟောင်းတွေအတွက် Update မထုတ်ပေးနိုင်ခဲ့ပါဘူး။ ဒီလို ဖြစ်ရတဲ့ အကြောင်းအရာ တစ်စိတ်တစ်ပိုင်းက Development Cost နဲ့ OEM တွေဟာ Android ကို သူတို့ ကိုယ်ပိုင် Customization နဲ့ ပေါင်းစပ်ဖို့ အချိန်လိုအပ်လို့ပါ။ အဲဒီပြဿနာကို Project Treble နဲ့ တော်တော်များများ ဖြေရှင်းပေးခဲ့ပြီး အဲဒါကြောင့်ပဲ Android 10 ကို ရတဲ့ ဖုန်း အရမ်းများလာခဲ့ပါတယ်။

Project Treble ဟာ Android Update မြန်မြန်ရဖို့ OEM တွေကို ကူညီပေးနိုင်ခဲ့ပေမယ့် SoC ထုတ်လုပ်သူတွေကတော့ Android Version များစွာကို ထောက်ပံ့ဖို့ Chip အသစ်တွေ ထုတ်လုပ်ရာမှာ ရုန်းကန်ခဲ့ရပါတယ်။ အခုလို Google နဲ့ Qualcomm ပူးပေါင်းမှုကြောင့် Project Treble ဟာ SoC Level အထိ ထောက်ပံ့လာနိုင်မှာပါ။

သဘောက Qualcomm Snapdragon SoC ပါတဲ့ Device အသစ်တွေဟာ Android OS Update ကို ၄ နှစ်အထိ ရကြမှာပါ။ Security Update ကိုလည်း ၄ နှစ်အထိ ရမှာပါ။ ဥပမာပြောရရင် Android 11 ပါတဲ့  ဖုန်းတွေဟာ Android 12, 13 နဲ့ 14 ကို ရကြမှာ ဖြစ်ပြီး လက်ရှိမှာ အများဆုံး ၂ နှစ်၊ ၃ နှစ်အထိပဲ ရနေကြပါတယ်။ အခု အကျိုးကျေးဇူးကို Snapdragon 888 SoC ပါတဲ့  ဖုန်းတွေကစပြီး ခံစားကြရမှာပါ။

Ref : fonearena