New York Time ရဲ့ ရေးသားဖော်ပြချက်အရ Google ဟာ စာချုပ်အလုပ်ပေါင်း နှစ်ထောင်ကျော်နဲ့ ယာယီအလုပ်သမား ခေါ်ယူမှုကို ပယ်ဖျက်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ ကမ္ဘာ့ကပ်ရောဂါကြောင့် ကြော်ငြာဝင်ငွေကျဆင်းနေတဲ့အတွက် အသုံးစရိတ်အသစ်တွေကို လျှော့ချဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။


Google ရဲ့ ဘဏ္ဍာရေးအရာရှိချုပ် Ruth Porat ကတော့ ကုမ္ပဏီအနေနဲ့ ဒီနှစ်ထဲမှာ လုပ်သားငှားရမ်းခြင်း နှေးကွေးမယ်လို့ ပြီးခဲ့တဲ့လက ပြောခဲ့ပါတယ်။ “ကျွန်တော်တို့ဟာ ကမ္ဘာလုံးဆိုင်ရာ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး မသေချာ၊ မရေရာတဲ့ အခြေအနေတစ်ခုမှာ နက်နက်ရှိုင်းရှိုင်း ရောက်ရှိနေတာပါ” လို့ လည်း ထပ်လောင်း ပြောဆိုခဲ့ပါသေးတယ်။

New York Times ရဲ့ အဆိုအရ စာချုပ်လုပ်သား နှစ်ထောင်ကျော်ဟာ ကမ္ဘာအနှံ့မှာတွေ့နိုင်ပြီး ဒီပမာဏက Google ရဲ့ လုပ်သားအင်အားတွေမှာ အနည်းငယ်သော ပမာဏပဲ ဖြစ်တယ်လို့လည်း သိရပါတယ်။ Google မှာ ဝန်ထမ်းပေါင်း တစ်သိန်းနှစ်သောင်းသုံးထောင် ရှိပြီး တစ်သိန်းသုံးသောင်းကျော်က စာချုပ်လုပ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။


ကမ္ဘာ့ကပ်ရောဂါဟာ ကြော်ငြာဈေးကွက်ကို နှေးကွေးစေပြီး ဒါဟာ Google ရဲ့ ငွေကြေးအမြောက်အများရရှိစေတဲ့နေရာဖြစ်တာကြောင့် ကုမ္ပဏီရဲ့ ပုံမှန်ဝင်ငွေလည်း ထိခိုက်ရတာ ဖြစ်ပါတယ်။ အခုလို ဖျက်သိမ်းလိုက်တဲ့ ကမ်းလှမ်းချက်တွေကြောင့် အလုပ်လက်မဲ့ပြဿနာက ပိုပြီးကြီးမားလာနိုင်ပါတယ်။

အချို့ကလည်း စာချုပ်အလုပ်ကို လက်ခံဖို့အတွက် အချိန်ပြည့်အလုပ်ကို စွန့်လွှတ်ခဲ့ကြတာဖြစ်ပြီး၊ သူတို့ရဲ့ဆန္ဒအလျောက် လက်ရှိအလုပ်ကနေထွက်ခွာသွားတာဖြစ်တဲ့အတွက် အလုပ်လက်မဲ့ခံစားခွင့်ကိုလည်း ရရှိမှာမဟုတ်ဘူးလို့ New York Times က ပြောပါတယ်။

Ref: The Verge