Google Search ဟာ လက်ရှိအချိန်မှာ လူသုံးအများဆုံးနဲ့ အကောင်းဆုံး Search Engine တစ်ခုဆိုရင်လည်း မမှားပါဘူး။ ပြီးခဲ့တဲ့ ရက်သတ္တပါတ်တုန်းကလည်း Google Search ကို အသုံးပြုနေတဲ့သူတွေအတွက် ပိုပြီးအဆင်ပြေစေဖို့အတွက် Search Result တွေကို Page အလိုက်အစား Continuous Scrolling အနေနဲ့ ပြောင်းလဲထုတ်ပေးခဲ့ပါသေးတယ်။

အခုလည်း Google ကနေ Android နဲ့ iOS အတွက် Google Search မှာ အသုံးဝင်တဲ့ Feature အသစ်ကို မိတ်ဆက်လိုက်ပါပြီ။ ဒါကတော့ “Today’s word” လို့ နာမည်ပေးထားတဲ့ Feature တစ်ခုပဲဖြစ်ပါတယ်။ အဆိုပါ Feature ကတော့ တစ်နေ့ကို စာလုံးအသစ် ၁ မျိုး လေ့လာနိုင်ဖို့အတွက် Notification ရရှိသွားစေမှာဖြစ်ပါတယ်။

ဒီလိုမျိုး စာလုံးအသစ်ကို ဖော်ပြတဲ့နေရာမှာလည်း အဆိုပါ စကားလုံးအသစ်ရဲ့ အဓိပ္ပါယ်အပြင် အသုံးပြုလေ့ရှိတဲ့နေရာတွေနဲ့ တခြားသော စိတ်ဝင်စားဖွယ်အချက်တွေကိုပါ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အခုမှ အင်္ဂလိပ်ဘာသာစကားကိုလေ့လာနေတဲ့သူတွေနဲ့ ကိုယ်မသိသေးတဲ့ စကားလုံးတွေကို အဓိပ္ပါယ်မှတ်ထားချင်သူတွေအတွက် အသုံးဝင်တဲ့ Feature တစ်ခုဖြစ်လာမှာပါ။

Google ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Feature ဟာ လောလောဆယ်မှာ Google ကို English Language နဲ့အသုံးပြုနေတဲ့သူတွေဆီမှာပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပြီး နောက်ပိုင်းမှာ ကိုယ့်ရဲ့ အင်္ဂလိပ်စာ Skill ပေါ်မှုတည်ပြီး စကားလုံးအခက်တွေလား၊ သုံးလေ့ရှိတဲ့စကားလုံးတွေကို ဖော်ပြသွားမလားဆိုတာကိုပါ ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Feature အသစ်တွေဟာ Google Search ကို ပိုပြီးအောင်မြင်လာစေတဲ့ Feature တွေဆိုရင်လည်း မမှားပါဘူး။

Ref – 9to5Google