Google ဟာ Pixel Series ဖုန်းတွေကို ထုတ်လုပ်နေခဲ့တာ အခုဆိုရင် Pixel 4 Series ဖုန်းတွေအထိ ရောက်နေပြီဖြစ်ပါတယ်။ အမြဲတမ်းလိုလို အဆိုပါ Google Pixel ဖုန်းတွေဟာ တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေနဲ့ယှဥ်ရင် ဝေဖန်ခံနေရပြီးတော့ ရောင်းအားအနေနဲ့လည်း ကျဆင်းနေတယ်ဆိုပြီး ခန့်မှန်းထားကြပါတယ်။
ဒါပေမယ့် တကယ်တမ်းမှာတော့ Google ရဲ့ Pixel ဖုန်းရောင်းအားက ထင်ထားသလောက်မဆိုးရွားတဲ့ ပုံစံပါပဲ။ ဘာကြောင့်လဲဆိုရင် IDC ကနေ ထုတ်ပြန်လိုက်တဲ့ Report အရ ပြီးခဲ့တဲ့နှစ် ၂၀၁၉ ခုနှစ်မှာ Google ကနေ Pixel စမတ်ဖုန်းအလုံးရေ ၇.၂ သန်းအထိ ရောင်းချခဲ့ရတာကြောင့်ဖြစ်ပါတယ်။ အဆိုပါ ပမာဏဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းကထက် ၅၂ ရာခိုင်နှုန်းတိုးတက်လာခဲ့တာဖြစ်သလို Google အတွက် ရောင်းအားအကောင်းဆုံးနှစ်လည်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ Report ရဲ့ ဖော်ပြချက်အရတော့ Google Pixel ဖုန်းတွေကို USA ၊ Western Europe နဲ့ Japan စျေးကွက်တွေမှာ ဝယ်ယူမှုအလွန်များပြားခဲ့တယ်လို့ သိရပါတယ်။ ဒီလိုမျိုး စမတ်ဖုန်းအလုံးရေ ၇.၂ သန်းရောင်းချရတာက အရောင်းရဆုံး စမတ်ဖုန်းကုမ္ပဏီ ၁၀ ခု စာရင်းတောင်မဝင်သေးပေမယ့်လည်း OnePlus လိုမျိုး ကုမ္ပဏီရောင်းအားထက်တောင် များပြားနေပြီဖြစ်ပါတယ်။
ဖြစ်နိုင်တာကတော့ Google ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလတုန်းက $399 နဲ့ Google Pixel 3a ဖုန်းကို မိတ်ဆက်ခဲ့ပြီး အဆိုပါ Pixel 3a ဖုန်းဟာ Amazon လိုမျိုး Website တွေမှာ ရောင်းအားအကောင်းဆုံးဖုန်းနေရာကို အချိန်အတော်ကြာရယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Pixel 3 Series နဲ့ Pixel 4 ဖုန်းတွေကိုပါ စျေးချပေးလိုက်တာကလည်း အခုလို Pixel ဖုန်းတွေရဲ့ စုစုပေါင်းရောင်းအားကို တက်လာစေခဲ့တာဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။
Ref – GSM Arena