Microsoft ရဲ့ Windows 7 OS ဟာ အသုံးပြုသူအများဆုံးသော OS တစ်ခုဖြစ်ခဲ့သလိုပဲ ထွက်ရှိခဲ့တာဆိုရင်လည်း ဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင် Microsoft ကိုယ်တိုင်ကနေ Windows 7 ကို ဆက်လက် Software Support ပေးတော့မှာမဟုတ်ဘဲ Windows 10 ကို Upgrade လုပ်ဖို့ပဲ Recommend ပေးနေပြီဖြစ်ပါတယ်။

အဲ့ဒီလိုမျိုးပဲ တခြားသော Software တွေကလည်း Windows 7 ကို ထောက်ပံ့ပေးမှုကို တဖြည်းဖြည်းရပ်ဆိုင်းလာကြပါပြီ။ လက်ရှိလူအသုံးပြုမှုအများဆုံး Web Browser တစ်ခုဖြစ်တဲ့ Google Chrome ကလည်း အစောပိုင်းတုန်းက လာမယ့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှာ Support ပြုလုပ်မှုကို ရပ်ဆိုင်းသွားဖို့ စီစဥ်ထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုနောက်ဆုံးသိရှိရတဲ့သတင်းတွေအရတော့ Google ကနေ လာမယ့် ၂၀၂၁ ခုနှစ်အစား နောက်ထပ် ၁ နှစ်ထပ်မံနောက်ဆုတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှပဲ Support ပြုလုပ်တာကို ရပ်ဆိုင်းသွားတော့မယ်လို့ သိရပါတယ်။ ဒါကလည်း လောလောဆယ် စစ်တမ်းတွေအရ Google Chrome ကို အသုံးပြုနေတဲ့ Organization တွေရဲ့ ၂၁ ရာခိုင်နှုန်းခန့်က လောလောဆယ်အထိ Windows 7 ကို ဆက်လက်အသုံးပြုနေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Windows 7 ဟာ Microsoft ကိုယ်တိုင်က ယခုနှစ်စကတည်းက End of Life အနေနဲ့ ကြေညာခဲ့တာဖြစ်တဲ့အတွက် တကယ်လို့ အသုံးပြုနေတုန်းပဲဆိုရင်လည်း Windows 10 ကို ပြောင်းလဲသင့်နေပြီဖြစ်ပါတယ်။

Ref – Android Police