Google ကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက Samsung Galaxy S24 Series ဖုန်းတွေမှာ AI Feature အသစ်ဖြစ်တဲ့ Circle to Search ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Feature ဟာ ဖုန်းရဲ့ Screen ပေါ်မှာ ရှိတဲ့ ကိုယ်သိချင်တဲ့ အရာတစ်ခုခုကို ဝိုင်းလိုက်တာနဲ့ ရှာဖွေပေးနိုင်တာကြောင့် အသုံးဝင်တဲ့ Feature တစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပါတ်ပိုင်းတုန်းကလည်း Google ကနေ Pixel 8 Series ဖုန်းတွေအပြင် Pixel 6 Series နဲ့ Pixel 7a ဖုန်းတွေအတွက်ပါ Circle to Search Feature ကို အသုံးပြုနိုင်အောင်ထုတ်ပေးခဲ့ပါတယ်။ ဒါတင်မဟုတ်ဘဲ တချို့သော Samsung စမတ်ဖုန်းနဲ့ Tablet တွေမှာလည်း OneUI 6.1 Update နှင့်အတူ Circle to Search လို AI Feature တွေ အသုံးပြုနိုင်ခဲ့ပါတယ်။

ဒီလိုမျိုး အသုံးပြုလို့ရတဲ့ Device တွေပိုများလာသလို Google ကနေ Circle to Search ကို နောက်ထပ်အဆင့်မြှင့်တင်မှုတစ်ခုလည်း ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ ကိုယ်ဘာသာပြန်လိုတဲ့ စာသားတစ်ခုကို ဝိုင်းလိုက်တာနဲ့ Circle to Search Feature က အလိုအလျောက် ဘာသာပြန်ပေးသွားမှာဖြစ်ပါတယ်။

ဒါပေမယ့် လောလောဆယ်မှာ Circle to Search Feature ကို အသုံးပြုပြီး ဘာသာပြန်တာကို အကုန်လုံးအသုံးပြုနိုင်မှာမဟုတ်သေးဘဲ နောက်ဆုံးထွက် Google App Beta Version ကို အသုံးပြုနေတဲ့သူတစ်ချို့ပဲ ရရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှ Circle to Search နဲ့ အလွယ်တကူလူတိုင်း အသုံးပြုနိုင်အောင် Update ပြုလုပ်သွားဖွယ်ရှိနေပါတယ်။

Ref – GSM Arena